Tuesday, July 27, 2010

ကျမတွေ့ခဲ့ဖူးသော သူတို့(၂)ယောက်


လူ့လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော အဖြစ်အပျက်တွေဆိုပေမဲ့ ကျမအတွက်တော့ စဉ်းစားစရာအတွေးများစွာ ပဟေဠိများစွာကို
သူတို့(၂)ဦးထံမှရရှိခဲ့ဖူးသည်..။

တယောက်က ကျမ၏ဘကြီးတော်သူ ဖြစ်ပြီး
နောက်တယောက်ကတော့ ကျမတို့ရပ်ကွက်ထဲမှ 'ကိုမင်း' ဆိုသူဖြစ်သည်..။
လွန်ခဲ့သော(၂၅)နှစ်ခန့်က ဖြစ်သည်...ဘကြီးသည် ဒေးဒရဲမြို့နယ်
အမာရွာမှ ရဲအရာရှိတယောက်ဖြစ်ပြီး သမီး(၂)ယောက်နှင့်
သား(၁)ယောက်ရှိသည်..ဇနီးသည်ကိုလည်း အလွန်ချစ်သူဖြစ်သည်..။

အဲဒီအချိန်က ဘကြီး၏ အသက်မှာ (၄၇)နှစ်ခန့်ရှိပြီ ..သမီးအကြီးမှာ
ရဲမေသင်တန်းတက်နေသူ..သမီးအလတ်က တတိယနှစ် သက္ကသိုလ်ကျောင်းသူ..
သားအငယ်က (၈)တန်းကျောင်းသား..။အလွန်ပျော်ရွှင်စရာကောင်းသော မိသားစုလေးပင်.....။

ရုတ်တရက် ဘကြီး၏ဇနီး ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါးသွားခဲ့သည်..။
ဇနီးဆုံးပြီး (၁)လ အကြာတွင် ဘကြီးတယောက်အစိုးရအလုပ်မှထွက်ပြီး
ရာသက်ပန် သာသနာ့ဘောင်သို့ဝင်သွားခဲ့သည်....။
သားသမီး(၃)ယောက်နှင့် အိမ်ကို ဆွေမျိုးများထံ အပ်နှံထားခဲ့သည်...။
သား/သမီးများမှာ ကလေးငယ်များ မဟုတ်ကြတော့သည့်အတွက်
ဖခင်ဖြစ်သူ ဘကြီးအတွက် ကံကောင်းသည်ဟု ဆိုရပေမည်...။
ဘကြီးပြောပြချက်အရ မိသားစု သိုက်သိုက်ဝန်းဝန်း နေလာခဲ့ပြီး..
ဇနီးဖြစ်သူမရှိသည့်နောက် ဒီမိသားစုနှင့် မနေတတ်တော့သည့်အတွက်
သာသနာ့ဘောင်သို့ ဝင်ခြင်းဖြစ်သည်တဲ့...။
သား/သမီးတွေကို မြင်တိုင်း
ဇနီးသည်ကို သတိရသည့် ဝေဒနာကို မခံစားနိုင်တော့တဲ့ ဘကြီးဟာ
ဥစ္စာ စည်းစိမ်..ရာထူး..သား/သမီးများကို စွန့်ပြီး သာသနာ့ဘောင်သို့
အပြီးအပိုင် ဝင်သွားခဲ့တာ အခုချိန်ထိပါပဲ....
တော်တော်အစွဲအလန်းကြီးတဲ့ ဘကြီးကို ချစ်တတ်လွန်းသူဟု ချီးကျူးရမည်လား..
တကိုယ်ကောင်းဆန်သူ ကိုယ်လွတ်ရုန်းသွားသူ ဟုအပြစ်တင်ရမည်လား .....။

ဒုတိယတယောက် ကတော့ ကျမတို့ရပ်ကွက်ထဲမှ ကားဝယ်ရောင်းလုပ်သူ
အသက်(၄၀)ခန့်ရှိ ကိုမင်း ဆိုသူ..။
အသက် (၁၂)နှစ် နှင့် (၁၄)နှစ် အရွယ်
သမီး(၂)ယောက်နှင့် အလွန်ချောသော ဇနီးသည်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်...။
ဇနီးသည်အား အရိပ်တကြည့်ကြည့်နှင့် အမြဲတန်းသဝန်တိုနေတတ်သည်...။
တနေ့...ဇနီးသည် ကလေးဖျက်ချရင်း အသက်ဆုံးခဲ့ရသည် ..
ကိုမင်းတယောက် ဇနီးသည်၏ ဇာပနတွင် အရူးတယောက်ကဲ့သို့..
အလောင်းအားဖက်ငိုခြင်း..ဆွဲလှုပ်ရမ်းခြင်း..ဇနီးသည်၏ မျက်နှာအား
အကြိမ်ကြိမ်ငုံ့၍နမ်းပုံများကို ကျမမျက်စိထဲတွင် ယ္ခုထိမြင်ယောင်နေဆဲ....။
နာရေးကိစ္စများပြီး၍ (၃/၄)လ အကြာတွင်..ကိုမင်းတယောက်
နောက်အိမ်ထောင်ပြုသည့် သတင်းကို ကြားလိုက်ရသည်...။
သူ့အကြောင်းပြချက်ကတော့..ကွယ်လွန်သူ ဇနီးသည်က ပြစ်သွားခြင်းကို
မခံစားနိုင်၍ နောက်အိမ်ထောင်ပြုပြီး အစားထိုးလိုက်ရခြင်းဖြစ်သည်တဲ့....

ကိုမင်း ကိုလည်း ရှေ့က ဘကြီးကဲ့သို့ပင် သစ္စာမရှိသူ...ဟုအပြစ်တင်ရမည်လား...
ဇနီးသည်ကပြစ်သွားသော သနားစရာလူတယောက်အဖြစ် ဂရုနာသက်ရမည်လား...
မည်သို့ပင်ဖြစ်စေ..ထိုသူနှစ်ဦးစလုံးတွင် တူညီသောခံစားချက်နှင့်..မတူညီသော ဆုံးဖြတ်ချက် ကိုယ်စီရှိနေကြသည်ကိုမူ........................................

စာဖတ်သူများအနေနှင့်..အထက်ပါ တကယ့်ဖြစ်ရပ် ဇာတ်လမ်းအတွင်းမှ ...
ထိုသူနှစ်ဦး၏ နေရာတွင် ဝင်၍ခံစားကြည့်ပါက..မည်သို့ဆုံးဖြတ်ကြပါမည်နည်း....
လူတိုင်းတွင် တူညီသောခံစားချက်များရှိတတ်သလို..မတူုညီသောဆုံးဖြတ်ချက်များ
ရှိနေမည်ကို...ကျမ အကြွင်းမဲ့ယုံကြည်ပါသည်...။

10 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘကြီးကိုတော့ မဝေဖန်လိုပါ
ကိုမင်းလို လူစားကတော့ မိန်းမ မရှိလျှင် မနေတတ်သော လူစားသာ ဖြစ်ပါတယ်..
ဒီလိုလူမျိုးတွေက ဒီလိုအမြန်ဆုံး ယူတတ်ကြတာပါဘဲ

ကိုဇော် said...

လူ့လောက သဘာဝပါပဲ။
ကိုယ်တိုင်ကြုံမှ ဒါတွေက ဆုံးဖြတ်ရမှာပါပဲ။
အပြင်ကနေ ပြောနေရင်တော့ ဒါဟာ လေကို ဝါးနေသူ တစ်ယောက်လိုပါပဲ။
ဒါကြောင့် . . .ဒီလောက်ပဲ ပြောနိုင်ပါတယ်။ ကိုယ်မှ မကြုံဖူးသေးတာကိုး။

နေ၀သန် said...

း))... လူ့လောကမှာ လူတွေက ဒီလိုပါပဲဗျာ....။ စကားနဲ့တော့ သက်သေယူလို့မရတာအမှန်ပဲ..။ လက်တွေ့လုပ်တာကိုပဲ ကြည့်ရမှာပေါ့...။

ခင်မင်တဲ့
နေ၀သန်

အနှိုင်းမဲ့ said...

အဘိုးကြီးက..တရားမရှိတာပေါ့..
ဟိုငိုယိုပြီးဖတ်ငိုနေတဲ့ ကိုယ်တော်ကတော့
အခုခတ်ယောကျာင်္းတွေ လုပ်နေကျပုံစံထင်ပါရဲ့..
(ဟီးဟီး) နာက ထင်တာကို ပြောပြတာနော်..။
အခုခေတ်ယောကျာင်္းတွေဆိုလို့ ၀င်လာကြတဲ့
နောင်တော်တွေ နာ့ကို ၀ိုင်းမဆဲကြနဲ့အုံးနော်..။
မှားတွားရင်တော့ ဆောတီးဟယ်..:)

ဝေလင်း said...

ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲအစ်မရေ..
ကျွန်တော်ကတော့ နှစ်ယောက်လုံးမှန်တယ်ထင်တာပဲ..။
နောက်တစ်ဇာတ်လမ်းဝင်လာလို့ နောက်တစ်မျိုးဆုံးဖြတ်လည်း အဲဒီလူမှန်တာပဲ..။
သူ့ဘ၀အတွက် သူလိုအပ်မယ်ထင်တာကို လုပ်ကြတာပဲ..အစ်မရေ။ အပြစ်ပြောစရာအကြောင်းတော့ မရှိပါဘူး။ အစ်မဘလော့ဂ်ကို လာရတာ အားရတယ်။ ပို့စ်အသစ်တွေ အများကြီးပဲ ဖတ်ရတယ်။ ကျွန်တော်ကတော့ အဲလောက် အားမထည့်နိုင်ဘူး ဖြစ်နေတယ်...။ ပျော်ရွှင်ပါစေ အစ်မရေ...

ဧပရယ်လ်ပူး@ပူးတေ said...

ဘာဖြစ်နေလဲမသိဘူး.. အရှည်ကြီးရေးပြီးမှ မန့်လို့ကို မရဘူး... တွားပါပီ... Internet Explorer cannot display the webpage ဒါပဲပေါ်နေတယ်... စိတ်မကောင်းဘူး...
:(

မိုးခါး said...

ဖြစ်တတ်တဲ့သဘောလေးတွေလို့ပဲ ထင်ပါတယ်
ခေါင်းစဉ်အမျိုးမျိုးနဲ့ လူတွေရဲ့ စိတ်တွေက ဖောက်ပြန်နေကြတာပဲလေ
အပြစ်လည်း တင်လို့မရဘူးပေါ့ .. (ထင်တာပြောသွားပါတယ် .. :D)

ဇာနည်မောင် said...

စောစောစီးစီးတရေးနိုးမှာရောက်လာတယ် နတ်သမီးရေ။ အခုရေးထားတဲ့စာကိုဖတ်ပြီး ယဉ်ယဉ် ကျေးကျေးထင်မြင်ချက်ပေးရရင် တယောက်ရဲ့အတွေး အခေါ်နဲ့တယောက်ရဲ့အတွေးအခေါ်မတူဘူးလို့ပဲ ထင်မြင်ချက်ပေးခဲ့တယ်နော် သို့သော် လောကီသား အများစုက ကာမတဏှာ ကင်းကင်းရှင်းရှင်းနေနိုင်ကြ တဲ့လောကီသားက ရှားကြတယ်နော် ... ။ ............... :D

မိုးငွေ့...... said...

အပြင်ပိုင်းနဲ့ကြည့်ရင်တော့ ဒီယောက်ကျားနှစ်ယောက်ဟာ ကိုယ့်အတ္တကိုဦးစားပေးသွားကြတာချည်းပဲ...။ တကယ့်လက်တွေ့မှာတော့ ကိုယ်တိုင်ခံစားကြည့်မှသာ အဲဒီအဆုံးအဖြတ်ကိုသိရမှာပါ... ကျမတော့အဲလိုမြင်ပါတယ်...။ အဟမ်း...အဟမ်းး မောင်မိုးစက် ကြော်ငြာဝင်သွားတယ်ဗျို့....။


မိုးငွေ့

အရုပ်ကလေး said...

အားလုံးကအတွေးနဲ့ဖြစ်ထွန်း
ရုတ်တရက် ပျောက်ရှာတာ မဟုတ်ဘူး
ဝိုးတ၀ါးနဲ့ အသက်ကိုမဲ့နေတတ်တာ ..
စိတ်ပါပဲ ...
အစိုးမရဘူး ................
မျိုးပွားနေတဲ့ ဆဲလ်လို
အဆောင်မလိုဘူး ....
အငှားမလိုဘူး .....
လက်ရှိမှာ တိုးပွားနေဖို့ပဲလိုတယ် ...
အဲဒါ င့ါ၏ နမ်ရုပ်အကြွင်းများ ...။

IDULIZE(အရုပ်ကလေး )

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .