Thursday, February 11, 2010

အချစ်ဆိုသည်မှာ...




“အချစ်”ဆိုတဲ့ အရာကို ကျမတဖြည်းဖြည်းချင်း ပိုပြီးနားလည်သိရှိလာလေလေ အချစ်အတွက် ပေးဆပ်ရတဲ့ တာဝန်တွေဟာ ပိုပြီးလေးနက်လာလေလေပါပဲ...။


လွန်ခဲ့တဲ့ ၈နှစ်တုန်းက “အချစ်ဂျာနယ်” က စာရေးဆရာမ “မခင်လိမ္မာ”နဲ့ ကျမ ဗီဒီယို အခန်းအနားတခုမှာ ဆုံရင်း အမေးအဖြေလုပ်ခဲ့တာလေးကို ပြန်သတိရမိတယ်...။


ကျမရဲ့ ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဇာတ်ကားတခုရဲ့ ကန်တော့ပွဲအခန်းအနားကို တက်ရောက်လာကြတဲ့ အနုပညာသမား အားလုံးကို အချစ်ဂျာနယ်က လျှပ်တပျက်မေးခဲ့တဲ့ မေးခွန်းလေးပါ။ မေးခွန်းလေးကတော့...“အချစ်ဆိုသည်မှာ...”.....တဲ့လေ..ရှုထောင့်အမျိုးမျိုးကနေပြန်လည်ဖြေဆိုကြတဲ့ အနုပညာရှင်များရဲ့ အဖြေများကို အချစ်ဂျာနယ်မှ ဓာတ်ပုံလေးတွေနဲ့ ပူးတွဲဖော်ပြခဲ့ ဖူးပါတယ်။ အဲဒီတုန်းက ကျမဖြေခဲ့တဲ့အဖြေကတော့


“ကိုယ်လိုချင်တာ အကြင်နာ..ရင်မှာကျန်တာဒါဏ်ရာ”...ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ သီချင်းစာသားလေးကို ပေါ့ပေါ့လေး ချရေးပေးခဲ့ဖူးတယ်။


အခုအချိန်မှာသာ အဲဒီမေးခွန်းကို ကျမဖြေရမယ်ဆိုရင် ပိုပြီးလေးနက်မှုရှိပါလိမ့်မယ်..။


ကျမငယ်ငယ်ကပေါ့....ဘေးက သူငယ်ချင်းတွေရဲ့ မြှောက်ပင့် တွန်းပို့ပေးမှုကြောင့် အချစ်အကြောင်းကို ဘာမှနားမလည်သေးပဲ စိတ်လှုပ်ရှားမှုတခုလို ခံစားရင်း ဆယ်ကျော်သက် အရွယ်က ချစ်သူရည်းစားဦးထားခဲ့ဖူးတယ်ဆိုပေမယ့်လည်း ကျမအတွက်တော့ ရည်းစားဦးကို ချစ်ခဲ့တဲ့ အချစ်ဆိုတာ တင်ဇာမော်ရဲ့သီချင်းထဲကလို အချစ်ကျောင်းသူဘဝမှာ “ရင်ခုန်ခြင်း”ကို စတင်မိတ်ဆက်ခြင်း Introduction မျှသာဖြစ်ပါတယ်..။


ရင်ခုန်တတ်စ အရွယ်.....

ကျမလေ...

ငယ်ငယ်က...ချစ်ခဲ့ဖူးတယ်...

နူးညံ့တဲ့...အသီး..အပွင့်တွေလို...

လတ်ဆတ်တဲ့...

အချစ်တွေနဲ့ပေါ့...

အချိန်ကာလတွေ...ကျော်ဖြတ်....

လူလတ်ပိုင်းအရွယ်...ရောက်ခဲ့ပြန်တော့...

ချစ်မိပြန်တယ်...

ရင့်မှည့်တဲ့ အသီးလို...

မွှေးထုံ...ချိုအီ...

ပြည့်စုံ...ရသာ...

ရင့်ကျက်တဲ့...အချစ်တွေနဲ့မို့...

ပိုလေးနက်တယ် ထင်မိ...

ကျမ ကတော့...

ငယ်ငယ်က...အချစ်ထက်...

အခု အချစ်ကို...ပိုမြတ်နိုးတယ်........။


အသက်အရွယ်ရင့်ကျက်လာသည်နှင့်အမျှ မိတ်ဆွေ သူငယ်ချင်းတွေကြားက လူမှုရေး၊ စီးပွားရေး တွေကြားမှာ ကျင်လည်ရင်း ခံစားတတ်လာတယ်၊ လေးလေးနက်နက်တွေးတတ်လာတယ်၊ အချစ်ဆိုတာကို အားလုံးမဟုတ်တောင် တဖြည်းဖြည်းချင်း နားလည်သိမြင် လာခဲ့ရတယ်။ ငယ်စဉ်အခါက ရင်ခုန်ခြင်းကို “အချစ်” လို့ ထင်ထားခဲ့တဲ့ ကျမဟာ အယူအဆ၊ အတွေးအခေါ်နဲ့ ခံစားချက်တွေဟာ အခုချိန်မှာ အရမ်းကို ကွာခြားပြောင်းလဲလာခဲ့ရတယ်။ “အချစ်” ကို ကိုယ်တိုင်ထိတွေ့ ခံစားရင်း လေးနက်မှုတွေပြည့်နှက်နေတဲ့ “အချစ်” ရဲ့ Definition ကို ရင့်ကျက်တည်ငြိမ်လာတဲ့ (ဒီ)အရွယ်မှာ ကျမ ချရေးလိုက်တာကတော့.....


ကိုယ့်ရဲ့ခံစားချက်တွေ သူ့ကိုပေးလိုက်တာ....အချစ်။


ကိုယ့်ရဲ့ဆန္ဒ သူ့ရဲ့ဆန္ဒနဲ့ထပ်တူမကျလည်း သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာ...အချစ်။


ချစ်သူနှစ်ယောက် အတူရှိနေမှ အချစ်မဟုတ်ပါ..မိုင်ပေါင်းထောင်ချီဝေးနေပါစေ..တယောက်ကိုတယောက် မျှဝေခံစားနားလည်ပေးရင်း အပြန်အလှန်ပေးဆပ်နေတာ...အချစ်။


ကိုယ့်ရဲ့ပေးဆပ်မှုကြောင့် သူရဲ့ရင်ထဲမှာ ကြည်နူးမှုလှိုင်းလေး လှုပ်ခတ်သွားတာ...အချစ်။


ဝေးနေပေမယ့် အတူရှိနေသလို ခံစားတတ်တာ...အချစ်။


သူ့စိတ်ကူးနဲ့ ကိုယ့်ဆန္ဒ တထပ်ထဲ ကျနေတာ...အချစ်။


ကိုယ့်မျက်ရည်တွေ သူ့အတွက် အပြုံးဖြစ်သွားတာ..အချစ်။


အဲဒီလိုပဲ...သူ့ဆီက တန်ပြန်လာတဲ့ အပြုံးတွေကြောင့် ကိုယ့်မျက်ရည်တွေ ပျောက်ပြီး အပြုံးတွေ ရောက်လာတာ...အချစ်။


ကျမဖြတ်သန်းလာခဲ့ရတဲ့ ရောင်စုံခံစားချက်တွေထဲက ကျမရဲ့အချစ်ခံစားချက်တွေကို “ဘဝ”ဖြစ်အောင်ကြိုးစားရင်း ဒီpost လေးကို ရေးဖြစ်ခဲ့ရတဲ့ အဓိက အကြောင်းလေးကတော့ ကျမအပေါ်ကို အရမ်းနားလည်ပေးပြီး ကျမပျော်ရွှင်ဖို့ဆိုရင် အရာရာကို စွန့်လွှတ်ပေးဆပ်ရဲတဲ့ ကျမရဲ့ ချစ်သူလေးအတွက် Valentine Day အမှီ အမှတ်တရ ချစ်သက်လက်ဆောင်လေးအဖြစ်ရည်ရွယ်ပါတယ်....။


“အချစ်ဆိုသည်မှာ ........သူ့ရင်ထဲက ခံစားချက်ကို ဖွင့်ထုတ်ပြမှ ကျမသိမြင်ခံစားနားလည်တတ်တာထက်......သူမပြောပဲနဲ့လည်း ကျမနှလုံးသားလေးက အလိုလို ခံစားနားလည်တတ်တာ..အချစ်”...ဟုဆိုပါလျှင်....စာဖတ်သူ သူငယ်ချင်းများကိုပြန်ပြီး ဖြေကြားပေးဖို့ မေးခွန်းထုတ်လိုက်တာကတော့ ...



“အချစ်ဆိုသည်မှာ.......”

30 comments:

အိမ်မက်မြေ said...

လာလည်သွားပါတယ်။

အိအိချောကလျာ said...

ဖြူလေးရယ် ... လူလွတ်ဘ၀မှာပျော်စရာတွေအများ ကြီးပါနော်။ အချစ်နဲ့စတွေ့ချိန်ကစပြီး ကိုယ့်လောကကြီး ဟာ အရောင်တွေပြောင်းသွားပါပြီ။ သိပ်ခက်ခဲရှုပ်ထွေးမှု တွေဖြစ်လာပြီ။ ဘ၀မှာဘယ်တော့မှပြန်မရနိုင်တော့တဲ့ လွတ်လပ်မှု၊ အေးချမ်းမှု။ ပျော်ရွှင်မှုတွေဟာ အဲဒီ `အချစ်´ ဟာ အားလုံးသိမ်းပိုက်သွားပါတော့တယ်။

ခြင် said...

လုပ်ပျံဘီ.... အဲဒီဟာကြီး နာ့လာမမေးပါနဲ့ဆို....
အမားက တောထွက်မှာ.... တိန်..

ကိုဇော် said...

အချစ်ဆိုတာ....တစ္ဆေ ..

သူ့ကို လူပြောသာ များတာ တကယ်မြင်ဖူးသူ ရှားတယ်တဲ့.....
အော်စကာဝိုင်းလ်ကတော့ ပြောဖူးတယ်။
ကျနော့်မှာ မြင်ဖူးလိုက်တော့လည်း.....
ရင်ထဲရူးသွားတာပါပဲ။
နောက်တော့ လူက ထမင်းလုံး တစ္ဆေ ခြောက်ခံရသလို ကျန်ခဲ့တယ်လေ.။
ဒါပါပဲ...။

Flower said...

အချစ်ကို လေးလေးနက်နက် နူးနူးညံ့ညံ့လေး ခံစားရတာ သဘောကျတယ်..
ဒါပေမဲ့ ထပ်တူကျတဲ့ အချစ်မျိုးဖြစ်ဖို့ သိပ်ခက်ခဲတယ်.. အဲလိုမဖြစ်တဲ့အခါ အရမ်းနာကျင်ရတယ်..
ခုတော့ ချစ်ခြင်းမုန်းခြင်း ကင်းတဲ့အရပ်မှာ ရောက်နေတယ်.. အချစ်လဲမရှိ အမုန်းလဲမရှိ.. ငြိမ်းချမ်းနေတယ်..
ဒီလိုဘဲ တစ်သက်လုံးနေသွားရင် ကောင်းမလားမသိ.....

khin oo may said...

သူစိတ်ချမ်းသာဘို့ဘဲ

မြစ်ကျိုးအင်း said...

အချစ်ဆိုတာ ကြုံတွေ့ခဲ့တဲ့ ဘဝ အခြေအနေ ပေါ်မှာ မူတည်ပြီး ကောက်ချက်အမျိုးမျိုး ချကြတာပဲလေ။

အချစ်ဆိုတာ အေးစက်ထက်မြ တလက်လက်ထတဲ့ ဓါးတစင်းပါပဲ
ရီဝေစွာရစ်မူး
အရူးအမူး ချစ်ခဲ့သမျှ
အဆုံးသတ်မှ ခပ်နက်နက်ထိုးစိုက်
ဘဝတခုလုံး မှောင်မိုက်ခဲ့ပေါ့

Angel Shaper said...

ချစ်မရေ....
အချစ်ဆိုတာ တကယ်တော့ ပြောပြဖို့တော်တော် ခက်ပါတယ်။ သမီးတော့ နားမလည်နိုင်တဲ့ အချစ်တွေကြား သေလုမျောပါး ချစ်ခဲ့မိပါရဲ့။
မ ဖွင့်ဆိုတားတဲ့ အချစ်အနက်လေး သိပ်ကောင်းတယ်။ တန်ဖိုးထားတတ်သူတွေအတွက်ပေါ့နော်။ (တချို့က တန်ဖိုးမှ မထားတာ) ချစ်သူများနေ့မှာ ချစ်သောသူများနှင့်ပျော်ရွှင်ပါစေ။

Vista said...

အဲဒီဆံပင်လေးနဲ့ ချစ်စရာကောင်းလိုက်တာ ...ဟိ

ရွှေရတုမှတ်တမ်း said...

ဘကျောက်ရဲ့တူ၊တူမတွေက ဖြေကြပါလိမ့်မယ်၊
ဘကျောက်ကတော့ ရိပ်သာဝင်နေပြီ

ဆောင်းနှင်းရွက် said...

မမ ချရေးထားတဲ့
အချစ်ရဲ့ ခံစားချက်တွေက
တကယ်ကို
မြတ်နိုးစရာ ကောင်းတဲ့
အချစ် စစ် တစ်ခုပါပဲ ..

kiki said...

ဘယ်လိုပါလိမ့်
ဒီလို ချစ်တာလား ၊
ဒီလို ခြစ်တာလား ။
ုင်္ဒီလို ခြစ်တာ ပိုကောင်းတယ် ..ဟိဟိ
(စကားမစပ် ဒီတပုံ မျက်နှာ ပိုပြည့် လာတယ် ။
အချစ်တွေ နဲ့  ပြည့်နေတယ် ထင်ပ ..
အော်လံ ပြန်တပ် ပေးအူး လေ... ဘော်ဘော် ဘူဘူ အော်ရအောင် .. ဟင့် )

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ပင်လယ်ပြင်မှာလှေစီးရသလိုပါပဲ
နိမ့်လိုက်မြင့်လိုက် စိုးရိမ်လိုက်
စိတ်သက်သာရာရလိုက်နဲ့
အချစ်ဆိုတာအဲလိုမျိုးကြီးဗျို့ ဟိဟိ

Nge Naing said...

ဒါဆိုရင် သူများတွေ ပြောပြောနေတဲ့ ငယ်ကအချစ် အနှစ်တရာ မမေ့သာဆိုတာ မမှန်တော့ဘူးပေါ့။

အဖြူရောင်နတ်သမီး said...

သူများတွေအတွက်တော့ ဟုတ်မလားပဲ...
နတ်သမီးအတွက်ကတော့ ဖြတ်ကျော်လာခဲ့ဖူးတဲ့ လှေခါးထစ်လေးတခုလိုပါပဲ...
ရင်ထဲမှာ သတိရနေတာ...အမှတ်ရနေတယ် ဆိုတာကို...ကျန်မနေခဲ့တာပါ...။ ငယ်ငယ်တုန်းကဆိုတော့လည်း မလေးနက်တာလည်းပါမှာပေါ့နော်..

မောင်မိုး said...

အချစ်..
အချစ်ဆိုတာ ကျွန်တော့်ဘ၀အတွက်တော့ အိုအေစစ်တစ်ခုပါပဲ။ လောကဓံရဲ့အတက်အကျတွေကို လူးလဲခံစားရင်း ခေါင်းမဖော်နိုင်တော့တဲ့အချိန်မှာ အချစ်ကို ကြုံခဲ့ရတယ်။ ဒီအချစ်တွေကြောင့်ပဲ ဘ၀ဟာအသစ်တဖန်ပြန်ရှင်သန်လာခဲ့ရတယ်။ ဒီအတွက်ကြောင့် အခွင့်အရေးကောင်းတွေကို လက်လွှတ်ခံခဲ့ရပေမယ့် ကျေနပ်ဆဲ၊ ပျော်နေဆဲပါဗျာ။ သိပ်ထူးဆန်းတဲ့ ငြိတွယ်ရာ၊ မှီခိုရာ ရပ်ဝန်းလေးတစ်ခုပေါ့။ ဓနဥစ္စာနဲ့ နေမလား။ အချစ်နဲ့နေမလားဆိုရင် ဒုတိယအရာကို ကျွန်တော်ရွေးချယ်ထားခဲ့ပြီးပြီ။ သူမပါဘဲ ဘယ်နေရာကိုမှ ကျွန်တော်မသွားနိုင်တော့ဘူး။ ဒါဟာ သူ့အပေါ်မှာ ကျွန်တော် ယုံကြည်ကိုးစားတဲ့အချစ်ပဲ။

မိုးစက်အိမ် said...

အချစ်ဆိုတာကိုပုံသေတော့ ပြောမရဘူးပေါ့နော်
လူတိုင်းကခံစားချက်ကိုယ်စီမလား ကိုယ်ကြုံဆုံဖြစ်ပျက်
တာချင်းကလည်း တူ ကြတာမဟုတ်သေးဘူး
အဲဒီတော့ချစ်သူဟာ ကိုယ့်ဘ၀အတွက်အလင်းရောင်
လေးဖြစ်မယ် ကိုယ့်အသက်ရှုတဲ့ ဝင်သက်ထွက်သက်တိုင်း
ကိုစိုးမိုးထားမယ် သူ့ အသံလေး သူ့ မျက်နှာလေးကိုလည်း
မကြားမမြင်ရရင်မနေနိုင်ဘူး (ဒါဟာထာဝစဉ်ဖြစ်နေပါစေ
ရိုးအီသွားရခြင်းမျိုးမရှိရဘူး ) ဒါတွေကိုအရင်းခံပြီး
ကိုယ်ရဲ့ အချစ်စွမ်းအင် အရည်အသွေးတွေဟာအမြဲတမ်းတိုး
တက်တောက်ပနေရမယ် . . . အဲဒါမျိုးကိုအချစ်လို့ ခေါ်
ကြည့်မယ်ဗျာမရဘူးလား :) ကျွန်တော်ပြောတာကိုအင်္ဂ
လိပ်လို ပြန်စီကြည့်ရင် အဖြေထွက်လာပါလိမ့်မယ် . . .
what is L O V E ? :)

ဝေလင်း said...

online တက်တက်ချင်း စီပုံးမှာ အစ်မပြောသွားတာတွေ့လို့ ပြေးလာခဲ့တာ..ခုတော့ မဖြေသေးဘူး..ကိုယ့်အတွက်ကျန်အောင်လုပ်ရမယ်လေ.
ပို့စ်တစ်ခုအဖြစ်တင်လိုက်မယ်..ပြီးတော့ အစ်မလာဖတ်ပေါ့...

မိုးငွေ့...... said...

“ရင့်မှည့်တဲ့ အသီးလို...
မွှေးထုံ...ချိုအီ...
ပြည့်စုံ...ရသာ...
ရင့်ကျက်တဲ့...အချစ်တွေနဲ့မို့...”

နတ်သမီးရေ...အမကတော့ အဲဒါစတော်ဗယ်ရီသီးလို့ပဲ မျက်စိထဲမြင်နေတယ်...ဟီးးး

ခင်မင်စွာဖြင့်
မိုးငွေ့

အရူးလေး said...

ကျနော့်အတွက်ကတော့ဗျာ ....

အချစ်ဆိုတာကို သေသေချာချာသိဖို့

တော်တော်ကို ကြိုးစားရဦးမယ်ဗျာ ....

မောင်လုလင် said...

အစ်မ ရေ ကျွန်တော် လာသွားပါတယ်...ဒီမေးခွန်းကို တော့ ဘယ်လိုဖြေရမယ်မသိဘူး အစ်မရေ .. ဒါပေမယ့် သိသလောက်ကလေးဖြေသွားပါ့မယ် .. ကျွန်တော် အထင်တစ်ခုပါ ... အချစ်ဆိုတာ နားလည်မှုတစ်ခုလိုပဲ မြင်ပါတယ် ... အမြဲတမ်းကြီးတော့ မဆိုလိုပါဘူး ... ဒါပေမယ့် ကိုယ်က ချိုလို့ စားနေပေမယ့် လည်း တခါတရံမှာ အချဉ်ကို တောင့် တမိပြန်ရော .. အဲဒီ့လိုမျိုး ကျတော့လည်း အမြဲတမ်းနားလည်ပေး နေလို့မကောင်းပြန်တော့ဘူး .. တခါတရံ ချဉ်ပေးရပြန်ရောပေါ့.. အဲဒီ့လိုမျိုး ကတောက်ကဆ ကလေးတွေလည်း ရှိမှ ပိုပြီးတော့ ရေရှည် နိုင်မယ်လို့ ထင်မိပါတယ် ...လူကြီးတွေ ပြောသလိုပေါ့ .... အချစ်မှာ ချို ၊ ချဉ် ၊ ဖန် ၊ ခါး အရသာတွေ နဲ့ပြည့်နေတယ်ပေါ့... မှားသွားခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ် ခင်ဗျာ .....

Aung Kyaw Min said...

မအဖြူရောင်ရေ. ၃၀ကျော်အသက်အရွယ်မှာ ကျွန်တော်အချစ်နဲ့ပတ်သတ်ပြီး ရင်ထဲခံယူချက်ကတော့ နုညံ့စွာပေးဆပ်မှုပဲ ဖြစ်လို့သွားပြီဗျ. ငယ်ငယ်ကတော့ အချစ်ခံချင်တယ်. ဆယ်ကျော်သက်တုန်းကတော့ ရယူပိုင်ဆိုင်တာအချစ်လို့ ရူးမူးဖူးတယ်.

Aung Kyaw Min said...

မအဖြူရောင်ရေ. ကျွန်တော်ငယ်ငယ်က အချစ်ခံချင်ခဲ့တယ်. ဆယ်ကျော်သက်နှစ်ဆယ်လည်ရောက်ရော ချစ်ခြင်းကိုရယူပိုင်ဆိုင်မှုအဖြစ် အရူးအမူးဖြစ်ခဲ့တယ်. အခု သုံးဆယ်ကျော်တော့ အချစ်ကို နုညံ့စွာပေးဆပ်မှုလို့ မြင်မိပြန်တယ်နော်. နောက်ဆုံးအဖြေကတော့ဗျာ အချစ်သည် လူသားတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲခံစားမှုနဲ့ သက်ဆိုင်နေလားပဲ....

ညလင်းအိမ် said...

အချစ်ဆိုတာ အချစ်ပါပဲ အစ်မရာ...

အဓိပ္ပါယ်ဖွင့်လို့မရသလို အဓိပ္ပါယ်မရှိသော အရာဟာ အချစ်ပေါ့ ...

နွေဆူးလင်္ကာ said...

အချစ်ဆိုတာ ကျနော်တို့လမ်းထိပ်က အသုပ်စုံရောင်းတဲ့ ဘွားတော်ကြီးလေ။ သူ့နာမည်က ဒေါ်ချစ်ချစ်တဲ့။ သူ့ကိုယ်သူ အချစ် အချစ်နဲ့။ ကျနော် လမ်းထိပ်ထွက်တိုင်း တွေ့ရတာ အချစ်ပေါ့။

ဝေလင်း ( Вэй Линн) said...

အချစ်ဆိုတာ....?
လာဖတ်ဗျ နော....

rose of sharon said...

အမအတွက်တော့ အချစ်ဆိုတာ အစ်မယောင်္ကျားပါ...

TYZ said...

ကျွန်မအတွက်တော့ အချစ်ဆိုတာ ကိုယ်ငိုနေရရင်တောင် သူပြုံးနေတာ မြင်နေရရင် ကျေနပ်နေတတ်တဲ့ ခံစားမှုလို့ ပြောချင်ပါတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

သေချာတာကတော့
အချစ်ဆိုတာ ဘာမှမဟုတ်ဘူး။ အမုန်းရဲ့  ဆန့်ကျင်ဘက်အရာတစ်ခုမျှသာ ဖြစ်တယ်။

ဒဏ္ဍာရီ said...

နားလည်မှုတွေနဲ့ အပြန်အလှန် သရုပ်တူအောင် လုပ်ယူနေကြတယ် ထင်တာပဲ နမ်းရယ်..။

ခင်မင်လေးစားလျှက်

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .