Saturday, August 6, 2011

တရုတ်ပြည်က Valentine's Day(သို့) နတ်သမီးရဲ့ ချစ်ပုံပြင်



“Nan ရေ.. ဒီနေ့ ဘာနေ့လဲ သိလား”
“သြဂုတ်လ(၆)ရက်၊ စနေနေ့လေ..”
“အာ..အဲဒါကို ပြောတာမဟုတ်ဘူး ဒီနေ့ဟာ Hazelတို့ တရုတ်လူမျိုးတွေရဲ့ Valentine's Day နေ့လို့ပြောတာ”
“ဟင်..ဟုတ်လား.. Nan ကိုပြောပြပါလားဟင်..စိတ်ဝင်စားလို့ပါ”
“တရုတ်ပြည်မှာချစ်သူတွေအတွက် ဒဏ္ဍာရီပုံပြင်လေးတပုဒ်ရှိခဲ့ဖူးတယ်”
ဟိုး.. ရှေးရှေးတုန်းကပေါ့...
ကျွတ်ညွင်( Zhi Nv) လို့ခေါ်တဲ့ သက်တန့်ရောင်စဉ်တွေကို ဖန်ဆင်းတဲ့ နတ်သမီးလေးတပါးဟာ လူ့ပြည်ကို
ဆင်းသက်လာပြီး ညိုလောင်( Niu Lang) လို့ခေါ်တဲ့ လယ်သမားလေးတယောက်နဲ့ ချစ်ကြွမ်းဝင်ခဲ့တယ်။
အဲဒီလိုနဲ့ လူယောင်ဖန်ဆင်းထားတဲ့ သက်တန့်ရောင်စဉ်နတ်သမီးလေးနဲ့ လယ်သမားလေးတို့ဟာ အိမ်ထောင်ကျခဲ့ကြတယ်။
လင်မယားနှစ်ယောက် ဘဝကို အတူလက်တွဲပြီး ပျော်ရွှင်စွာနေလာကြရင်း သား(၁)ယောက် သမီး(၁)ယောက်ထွန်းကားပြီးတဲ့နောက်မှာ ကောင်းကင်ဘုံကိုစောင့်ကြပ်တဲ့ ဘုရင်ကြီးနဲ့ဘုရင်မတို့ဟာ
လူ့ပြည်ကို ဆင်းသက်လာပြီး သက်တန့်ရောင်စဉ်နတ်သမီးလေးကို ကောင်းကင်ဘုံပေါ်ကို ပြန်ခေါ်သွားခဲ့ကြတယ်။

လယ်သမားလေး ညိုလောင်ဟာ အဲဒီအချိန်ကျမှ သူ့ရဲ့မိန်းမကို သက်တန့်ရောင်စဉ်နတ်သမီးမှန်းသိခဲ့ရပြီး
ညိုလောင်(Niu Lang)နဲ့ ကလေး(၂)ယောက်ဟာ နတ်သမီးလေးကို နေ့စဉ်နဲ့အမျှ လွမ်းဆွတ် တမ်းတနေကြရတယ်။

အဲဒီလို မိသားစုဝမ်းနည်းကြေကွဲနေရတဲ့ အဖြစ်ကို မကြည့်ရက်နိုင်တော့တဲ့ ညိုလောင်မွေးထားတဲ့ စကားပြောတတ်တဲ့ နွားထီးကြီးဟာ သူ့သခင်ဖြစ်တဲ့ ညိုလောင်ကိုပြောသတဲ့..
“သခင်.. သခင့်ရဲ့ အဖြစ်အပျက်ကို ကျွန်တော်မျိုး မကြည့်ရက်တော့ပါ..၊ အဲဒီတော့ ကျွန်တော့်ကို သတ်ပြီး ကျွန်တော့်ရဲ့ကိုယ်ပေါ်က သားရည်ကို အသင်တို့ သားအဖ(၃)ယောက်ရဲ့ ကိုယ်ပေါ်မှာ လွှမ်းခြုံလိုက်ရင် အသင်တို့ရဲ့ခန္ဓာတွေဟာ ကောင်းကင်ပေါ်ကို အလိုလို ပျံတက်သွားပါလိမ့်မယ်..၊ အဲဒီအခါ အသင်တို့သားအဖ တွေ့ချင်နေတဲ့ အကျွန်ုပ်၏ သခင်မ ကျွတ်ညွင်(Zhi Nv) ကို တွေ့အောင်ရှာပါ” လို့ ပြောသတဲ့..။

လယ်သမားလေးဟာ ဇနီးသယ်ကို တွေ့ချင်လှပေမယ့် သူမွေးထားတဲ့ နွားထီးကြီးကို သတ်ဖို့
ဘယ်လိုမှမဖြစ်နိုင်ကြောင်း ငြင်းဆန်ပေမယ့်လည်း နောက်ဆုံးမှာတော့ ရွေးစရာလမ်း တလမ်းပဲရှိတာကြောင့် နွားထီးကြီးကိုသတ်ပြီး နွားသားရည်ကို သူ့ရဲ့ကိုယ်ပေါ်မှာ လွှမ်းခြုံ၊ ကလေး(၂)ယောက်ကို တောင်းတတောင်းစီမှာထည့်ပြီး နွားသားရည်များနဲ့ဖုံးအုပ်ပြီး မိုးပေါ်ကို ပျံတက်ခဲ့တယ်။

လယ်သမားလေး ညိုလောင်နဲ့ ကလေး(၂)ယောက်ဟာ သက်တန့်ရောင်စဉ်နတ်သမီးလေးကို လိုက်ရှာရင်း ကောင်းကင်ပေါ်မှာ ဝဲပျံနေတာကို မြင်တွေ့သွားတဲ့ ကောင်းကင်ဘုံစောင့် နတ်မင်းကြီးဟာ ဘဝခြင်းမတူကြတဲ့ နတ်သမီးနဲ့ လူသားတို့ကို ပြန်လည်တွေ့ဆုံခွင့် မပေးချင်တဲ့အတွက် သူတို့နှစ်ဦးရဲ့အလယ်မှာ နို့ရည်ကဲ့သို ဖြူဖွေးသော ကျယ်ဝန်းလှတဲ့ မြစ်ကြီးတခုကို ဖန်ဆင်းခဲ့တယ်။

လယ်သမားလေး ညိုလောင်ဟာ
တဖက်ကမ်းမှ နတ်သမီးလေးရှိရာကို သွားဖို့ မြစ်ထဲက ရေတွေ မရှိတော့မှ သားအဖ(၃)ယောက် မြစ်ကိုဖြတ်ပြီး လမ်းလျှောက်သွားနိုင်မယ် ဆိုတဲ့ အကြံနဲ့ သူ့မှာ အသင့်ပါလာတဲ့ ဇွန်းခွက်ကြီးနဲ့ မြစ်ထဲက ရေတွေကို ကုန်အောင်ခပ်ထုတ်ဖို့ကြိုးစားပေမယ့်လည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အဆုံးမှာ လက်မှိုင်ချရင်း မြစ်ကမ်းတဖက်တချက်စီကနေ လင်မယားနှစ်ယောက် တယောက်မျက်နှာကို တယောက်လှမ်းကြည့်နေကြသတဲ့..။ သားသမီး(၂)ယောက်ဟာလည်း မျက်နှာငယ်လေးတွေနဲ့ သူတို့ရဲ့မိခင် သက်တန့်ရောင်စဉ်နတ်သမီးလေးကို လှမ်းကြည့်နေတဲ့ အဖြစ်ကို ကြည့်နေတဲ့ ကောင်းကင်ဘုံကို စောင့်ကြပ်တဲ့ ဘုရင်ကြီးဟာ ညိုလောင်တို့ မိသားစုအတွက် သက်ညှာတဲ့အနေနဲ့ အခွင့်အရေးတခုကိုပေးခဲ့တယ်။

အဲဒီအခွင့်ရေးကတော့ တနှစ်မှာ တရက်၊ တရက်မှာ တခါသာ မိသားစု တွေ့ခွင့်ရှိမယ် ဆိုတာပါပဲ။

အဲဒီလို တွေ့ခွင့်ရပြန်တော့လည်း ကျယ်ဝန်းလှတဲ့ ချောင်းရေပြင်ကျယ်ကြီးကို သားအဖ(၃)ယောက် ဖြတ်ကျော်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့အခြေနေမျိုးမှာ... အထီး အမ စုံတွဲ ငှက်ကျားလေးနှစ်ကောင်ဟာ
ညိုလောင်တို့ သားအဖ(၃)ယောက် မြစ်ကို ဖြတ်ကျော်နိုင်ဖို့ သူတို့ရဲ့ ရှည်လျှားလှတဲ့ အမှီးနှစ်ခုကို ကုန်းတံတားလေးတခုအသွင် ဖန်ဆင်းပြီး သူတို့ရဲ့ ကျောကုန်းပေါ်ကနေ ဖြတ်လျှောက်စေတဲ့အတွက် ညိုလောင်တို့ မိသားစုလေးဟာ မြစ်ရဲ့တဖက်မှာ စုံတွေ့ခွင့်ရကြသတဲ့။
အဲဒီလို မိသားစုလေး တနှစ်မှာ တခါ ပြန်စုံတွေ့ကြရတဲ့ နေ့လေးကို တရုတ်ပြည်ရဲ့ Valentinf's Day ( Qixi Folk Festival) လို့ သတ်မှတ်ခဲ့ကြတယ်..။

အဲဒီနေ့လေးကို ရောက်ရင် တရုတ်ပြည်မှာ လွမ်းဆွတ်ကြေကွဲခြင်းနမိတ် “မိုး”တွေရွာလေ့ရှိတယ်။
ပြီးတော့ အဲဒီညမှာ ကောင်းကင်ကို မော့ကြည့်လိုက်ရင် အရမ်းတောက်ပ လင်းလက်နေတဲ့ ကြယ်လေးနှစ်လုံးဟာ လကွေးကွေးလေးရဲ့ တဖက်တချက်စီမှာ မျက်နှာချင်းဆိုင်အနေအထားမျိုးဖြစ်နေတတ်ပြီး ကြယ်သေးသေးလေး နှစ်လုံးကတော့ ဘေးတဖက်စီမှာ ရှိနေတာကို ပုံပြင်နားထောင်ရင်း အဖွားပြလို့ ကောင်းကင်ကို မော့ကြည့်ခဲ့ဖူးတယ်။

အဲဒီပုံပြင်လေးကို Hazel တို့ တရုတ်လူမျိုး အဖွားတွေ၊ အမေတွေက သူတို့ရဲ့မြေး၊ သားသမီးတွေကို အိပ်ယာဝင်ပုံပြင်အဖြစ် ပြောပြလေ့ရှိကြတယ်..။

“ကဲ.. Nan ရေ..
Nan အတွက်တော့ စာရေးစရာ ပုံပြင်လေးတပုဒ်ရသွားပြီနော်..
Hazel ကို ဘာကျွေးမလဲ..”

“ကျွေးမှာပေါ့ Hazel ရယ်.. မနက်ဖြန် Nan နဲ့ Hazel အပြင်မှာ မုန့်သွားစားကြမယ်နော်.. ဟုတ်ပြီလား”
“OK.. Nan..”

နှုတ်ဆက်ပြီး ထွက်သွားသော ကျမ၏ အချစ်ဆုံးသူငယ်ချင်း Hazel အား လှမ်းကြည့်ရင်း သူမပြောပြသော ပုံပြင်လေးထဲက ရင်နင့်ဖွယ်ရာ မိသားစုလေးအကြောင်းကို ကျမ ဆက်၍ စဉ်းစားနေမိပါသည်။

နတ်သမီးနှင့် လူသား..မို့ ဘဝခြင်း မတူညီသည်မှာ ထားတော့..
လူသားအချင်းချင်းတွင်လည်း မတူညီသော
ငွေဂုဏ်၊ ပညာဂုဏ်၊ မျိုးရိုး၊ လူမျိုး၊ ဘာသာ၊ အစရှိသည့် မတူညီသော ဘဝနှစ်ခု... လက်တွဲဖို့ ကြိုးစားကြသည့်အခါ များစွာခက်ခဲလှပါသည်။

တချို့က မရ ရအောင် ညှိယူကြသည်လည်းရှိသည်၊ ထိုသို့ညှိယူရာတွင် ပေးဆပ်ခြင်းများ၊ ကြေကွဲခြင်းများနှင့် ရင်နာစရာအဖြစ်အပျက်နှင့် ကြုံတွေ့ကြရမည်မှာ ဧကန်မုချပင်ဖြစ်သည်။
ပေးဆပ်ခြင်းများစွာ...
ဆုံးရှုံးခြင်းများစွာ...
ကြေကွဲခြင်းများစွာ...
အစရှိသည့် ရင်နာစရာ အဖြစ်အပျက် ဒုက္ခများမှ ကင်းဝေးကြစေကြောင်း ဆုတောင်းရင်း...

19 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ နတ်သမီးလေး ရေ-
မသိသေးတာကိုသိသွားရလို့ ကျေးဇူးပါခင်ဗျာ-

နိုင်းနိုင်းစနေ said...

တရုတ်ဖတ်စာအုပ်မှာ သင်ခဲ့ရတဲ့ ပုံပြင်လေးတစ်ပုဒ်ပေါ့ကွယ်... ညိုလန်ဆိုတဲ့ နွားကျောင်းသားလေးရယ်.. ကျိနိဆိုတဲ့ (ယက်ကန်းသည်)နတ်သမီးရယ်..
ဝမ်းနည်းစရာပုံပြင်လေးတစ်ပုဒ်ပေါ့..
ဟိုးရှေးခေတ် ရုပ်ရှင်တွေလည်းရှိသေးတယ်.. ငယ်ငယ်ကဆို ကြည့်ကြည့်ပြီး ငိုလိုက်ရတာ..

mstint said...

နတ်သမီးရဲ့ချစ်ပုံပြင် ဖတ်သွားပါတယ်ကွယ်။ ဝမ်းနည်း ကြေကွဲဖွယ်ရာကောင်းတဲ့ မိသားစုလေးအကြောင်းကို ဖတ်ရတော့ စိတ်ထဲမကောင်းဖြစ်မိတယ်။
လူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခရနိုင်ကြပါစေလို့ ဆန္ဒပြုခဲ့ပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နတ်ဆိုးလေး said...

တိတယ်.. ကြားဖူးတယ်... အဲလာကို...
ဒါပေမယ့် ပြန်ဖတ်တွားတယ်...
ရှီရှီ ပွဲတော် ဆိုတာ အဲလာ ပြောတာ မလား... :)

ညိမ်းနိုင် said...

သနားစရာပဲဗျာ....အင်းပေါ့လေ...ဘဝချင်းမတူတော့လည်း
ဂလိုပေါ့...၊လွမ်းစရာရှေးဟောင်းပုံပြင်လေးပေါ့နော်....။

Angelhlaing(May everybody be happy and healthy! said...

ပုံပြင်လေး ဖတ်ရင်း ကြေကွဲရတဲ့ ချစ်ခြင်းတွေအတွက် လွမ်းမောခဲ့ရတယ်မမ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ
ဒီနေ့မှာ မင်္ဂလာဆောင်သူတွေ ပန်းစည်း ချောကလက်ပေးကြသူတွေ ပလူပျံနေတာဘဲ
မြို့ထဲမှာ လူငယ်တွေ ပန်းစည်းတွေ ကိုယ်စီကိုင်လို့ အပြုံးတွေနဲ့ ..
ပန်းဆိုင်တွေလဲ ရောင်းကောင်းသလားမမေးနဲ့..
ခရီးလွန်နေလို့ ဘလောဂ့် ၂နှစ်ပြည့်ကို ရောက်မလာနိုင်တာ ခွင့်လွှတ်ပါညီမရေ..
၂နှစ်ပြည့်ကနေ... ရှေ့နှစ်များစွာတိုင်ပါစေနော်..

December Mgmg said...

ဖတ်သွားတယ် ။ ကြေကွဲစရာကြီး ။ ခုတစ်လော ဆွေးနေရတဲ့အထဲ ခုစာကို ဖတ်လိုက်တော့ အရှိုန်ပိုပြင်းလာတယ် :D

နေ၀သန် said...

ပုံပြင်လာနားထောင်တယ်... :D..

သိင်္ဂါကျော် said...

ကြေကွဲစရာ ပုံပြင်လေးပါလား...
တရုတ်လူမျိုးတွေက သိပ်စိတ်ကူးယဉ်ကြတယ်နော်..

မိုးငွေ့...... said...

မြန်မာပုံပြင်မှာရှိတဲ့ ခွန်ဆမ်လော ပုံပြင်နဲ့ ခပ်ဆင်ဆင်ပဲ...။သူတို့လဲ ကောင်းကင်မှာ ကြယ်နှစ်လုံးအဖြစ်နဲ့ ရှိနေကြတာ..။

...အလင်းစက်များ said...

နတ်သမီးကဆိုးထှာနော် ကလေးတစ်ဖက်နဲ့  ပစ်ထားခဲ့တယ်။ ကျောရရုံကြံတာ ဒါမျိုးတော့ လုံးဝ လက်မခံနိုင်ဘူး။ ယောင်္ကျားထု သိတ်ခါ ကျတယ်။ ဟွန်းဟွန်း။ ကျနော်သာဆိုလို့ ကတော့ နတ်သမီးနောက် မလိုက်ဘူး နွားနဲ့ ပဲ လယ်လုပ်စားမယ်။ နွားနို့ ရောင်း စားမယ် ။ စိတ်နာလွန်းလို့  ။ :))))))))

moekhar said...

သနားစရာ ပုံပြင်လေးက ...

ဆူးသစ် said...

ထူးထူးဆန်းဆန်းလေးတွေကို ညီမရဲ့ ပို့စ်တွေမှာ ဖတ်ရတာ ဗဟုသုတရတယ်။ စာရေးချင်တဲ့ စာရေးဆရာတွေ အတွက် အကိုးအကားတစ်ခု ရစေတယ်လို့ ထင်တယ်။ မရောက်တာကြာလို့ အသွင်ပြောင်းထားတာတောင် မသိဘူး။

ကိုကိုမောင်(ပန်းရနံ့) said...

နတ်သမီးက အချက်အပြုတ်အပြင်အဆင်တင်မကဘဲ ပုံပြင်ပြောတဲ့နေရာမှာလဲ အရမ်းတော်တယ်။ နောက်ဆို အိပ်ရာဝင်ခါနီး ပုံပြင်လာပြောခိုင်းရမယ်။း)))

ခင်မင်လျက်

Crystal said...

ဇတ်လမ်းကို ဓာတ်ရှင်ကြည့်ဖူးတယ်။
သနားစရာလေးနော်

မေသိမ့်သိမ့် ကျော် said...

တရုတ်လူမျိုးတို့ရဲ့ ချစ်သူများနေ့အကြောင်းကို သေချာလေးသိလိုက်ရလို့ ဗဟုသုတရလိုက်သလို ပို့စ်လေးကလည်း အရမ်းကို ဖတ်လို့ကောင်းပါတယ်။ ဒဏ္ဍာရီပုံပြင်လေးက ကြေကွဲစရာအတော်ကောင်းပါတယ်။


ခင်တဲ့

အလင်းသစ် said...

ဗယ်လင်တိုင်းဒေးအကြောင်း တစ်စေ့တစ်စောင်းပေါ့နော။။ ပုံပြင်လေး ဖတ်လို့ကောင်း ပါသည်။။။ နောက်ထပ်လည်း ပြောပြပေးပါဦးနော။။။

မဒမ်ကိုး said...

ဒီလိုထူးဆန်းတာလေးတွေ
ဖတ်ရလို့
ကျေးဇူးနော်မမနမ်း..
ပျော်ရွှင်ပါစေ



မဒိုးကန်

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .