Saturday, May 7, 2011

လမြတ် “ကဆုန်”




“စကားဝါငုံ သင်းလို့
ကြယ်မင်းတဲ့ ဝိသာခါ
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း
ထွန်းတဲ့ချိန်ခါ
စုံကန္တာ၊ ဟေမာမြိုင်ထဲ
ရွှေကျေး ပျံသင်လို့
စံပျော်ရွှင် သည်ဟိုကူးလို့ငယ်
မြူးကြစမြဲ။”

ဖိုးသူတော်ဦးမင်း၏ ကြည်နူးစရာ ကဆုန်လ ဘွဲ့လေးနှင့်အတူ မြန်မာနှစ်သစ်၏ ဒုတိယလဖြစ်သော “ကဆုန်လ” သည် လတကာတို့တွင် အမြတ်ဆုံးလဟု အသိအမှတ်ပြုရာ၌ အကြောင်းတရား(၄)ပါးရှိ၏။ အကြောင်းမှာ...
(ပ)ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူသည်မှာ ကဆုန်လပြည့်နေ့ဖြစ်သည်။

(ဒု)ထိုသို့ နိယတဗျာဒိတ်ကို ခံယူပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့၌ ဂေါတမမြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထမင်းသားသည် ဖွားမြင်တော်မူ၏။

(တ)ထို့နောက် မဟာသက္ကရာဇ် ၁၀၃ခု ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူ၏။

(စ)စတုတ္ထအကြောင်းကား မဟာသက္ကရာဇ်၁၄၈ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခြင်း အကြောင်းဖြစ်၏။
ဤကဲ့သို့ ကဆုန်လကို အမြတ်ဆုံးဟု ယူမှတ်ကြပြီးလျှင် ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။

ကဆုန်လ
“နေနန်းရယ်တဲ့ ဖန်သူရိန်
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြပူရှိန်။
ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ့စွဲ။
ပန်းစကားဝါ
နန်းဘမယာ ကေသီဆင်လို့
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်းကြတယ်
လွမ်းစရာ့ပွဲ။”
.......ဟု ရေးဆပ်ထားသော ကဗျာကဲ့သို့ ထူးခြားလှသော ကဆုန်လ၏ မှတ်သားဖွယ်ကြီး(၁၆)ချက်မှာ
(၁)အလောင်းတော်သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။
(၂)အလောင်းတော် သိဒ္ဓတ္တမင်းသားဖွားမြင်တော်မူသောလ။
(၃)တောထွက်တော်မူသောလ။
(၄)သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကိုရယူသောလ။
(၅)ပရိနိဗ္ဗာန်စံဝင်တော်မူသောလ။
(၆)ဗောဓိပင်မြတ်ကို ညောင်ရေဓာတ် သွန်းလောင်းသောလ။
(၇)စံကားပန်းပွင့်သောလ။
(၈)ဝိသာခါ နက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သောလ။
(၉)တံငါတာရာထွန်းသောလ။ သက္ကဋ နက္ခတ္တ ဒီပနီအလိုဆင်တာရာ ထွန်းသောလ။
(၁၀)နေ့နာရီ ၃၂၊ ညနာရီ ၂၈ ရှိ၍ ညတာတိုသောလ။
(၁၁)ရက်စုံသတ်သောလ။
(၁၂)နဂါးဦးခေါင်း အနောက်မြောက်မှာ ဝမ်းပြင်တောင်ခွင် ကျောသားမြီးက အရှေ့သို့ထားသောလ။
(၁၃)စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သောလ။
(၁၄)နှစ်ဖဝါးဖြင့် မွန်းတည့်သောလ။
(၁၅)ပြိဿရာသီမြည်သောလ။
(၁၆)ဖွားဖက်တော် ၇ ပါး မွေးဖွားဖြစ်ပေါ်သောလ။
တို့ဖြစ်ပြီး ညောင်ရေသွန်းလောင်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတဥာဏ်တော်ရရာ ဗောဓိညောင်ပင်ကို ရည်စူး၍ ပူဇော်ခြင်းဖြစ်၏။

ပုဂံကျောက်စာတို့တွင် “ကုန်ဆုန်” ဟူသောစကား၌ “ကု”သည် “ရေ” ကိုဆိုလိုခြင်းဖြစ်ပြီး “ဆုန်”ကား စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊သွန်းလောင်းခြင်းကိုဆိုလိုသည်။ “ကု”မှ“က” သို့ပြောင်းလဲပြီး “ရေသွန်းလောင်းသောလ” ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။
ထိုနေ့ထူးနေ့မြတ်ကို ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်ဘုရားနေ့ဟူ၍ အထိမ်းအမှတ်တခုအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ နတ်သျှင်နောင်သည် သူ၏စစ်ချီရတုပိုဒ်စုံ၌
“ပေါ်နွေလလျှင်
တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်
ပျံ့ပူးချုပ်ဆိုင်း
မုန်တိုင်းဆင်လို
တိမ်ညိုမှိုင်းထပ်
စိမ်းဝါ မိုးပန်း
ထွေထွေစွန်းက
ရေသွန်းသာကြည်
ပျော်ရမည်ကို”.....
ဟူ၍ နေပြည်တော်၌ ကျန်ရစ်ခဲ့သော ချစ်သူကို တမ်းတကာ စပ်ဆိုခဲ့ဖူးသည်။

လက်ဝဲသုန္ဒရ အမတ်ကြီးသည်လည်း မင်းမျက်သင့်၍ မဲဇာသို့ရောက်နေခိုက်ဝယ်
“မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ”...အစချီသော ရတုပိုဒ်စုံဖြင့် နေပြည်တော်ကို တမ်းတခဲ့ဖူးသည်။

ဤကဲ့သို့သော သမိုင်းရာဇဝင်အထောက်အထားများစွာဖြင့် ပြည့်နှက်နေသော မြတ်လှသည့် ကဆုန်လ (၈.၅.၂၀၁၁)နေ့တွင် ကျရောက်သော မောင်လေး“မိုးစက်အိမ်”ရဲ့မွေးနေ့မှာ ကဆုန်လအကြောင်းလေးနဲ့အတူ တိုင်းပြည်အတွက် အားထားရသော အမျိုးသားကောင်းတစ်ယောက်အဖြစ် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း စီစဉ်ထားတဲ့ နတ်သမီးလက်ရာ မြန်မာထမင်းဖြူဖြူ ဟင်းပူပူလေးများကို သုံးဆောင်လိုက်ကြပါအုံးရှင်...

ထမင်းဖြူဖြူ ဟင်းပူပူလေးများ



ပုဇွန်ဆီပြန်(နတ်သမီးလက်ရာ)


ကြက်သားဆီပြန်(နတ်သမီးလက်ရာ)



တူနာငါး ခရမ်းချဉ်သီး ငံပြာရည်မွှေကြော်(နတ်သမီးလက်ရာ)



ကြက်ဥဆီပြန်(နတ်သမီးလက်ရာ)

ကြက်ပဲငံပြာရည် အချိုချက်(နတ်သမီးလက်ရာ)


မှိုငြုပ်သီးကြော်(နတ်သမီးလက်ရာ)



ပဲနီလေးဟင်းရည်(နတ်သမီးလက်ရာ)



အအီပြေ ကျန်မဆိုင် ဟင်းရည်(နတ်သမီးလက်ရာ)


ရေခဲရေ
အအေးများ

မြန်မာဆန်ဆန် လ္ဘက်သုပ်နဲ့ရေနွေးကြမ်း


နို့သစ်ခွရည် အချိုပွဲများ



လောလောဆယ် ကိုယ်တိုင်သောက်ချင်နေတဲ့ လ္ဘက်ရည် စိမ့်စိမ့်လေး

အအီပြေ သီးစုံပွဲများ


သီးစုံ မွေးနေ့ကိတ်လေး
“မိုးစက်”အတွက် မွေးနေ့ကဒ်လေးနဲ့အတူ မွေးနေ့လက်ဆောင် ကဗျာလေး


နူးညံ့တဲ့ နှလုံးသားဆိုပေမယ့်

သူ့ဝန်သူထမ်း သူ့လမ်းသူလျှောက်
ရဲဝံ့စွာ ခရီးပေါက်ခဲ့သူ.....။

မျိုးဂုဏ်ထိန်းသိမ်း ဘာသာမပျက်
သာသနာတွယ်ဖက်
မာန်ဂုဏ်မဝင့်ကြွား ထောင်လွှားကင်းမဲ့
လူလိမ္မာသား ယဉ်ပါးလှသူ....။

ခံစားချက်နုနုကို “ပျိုး”
ကဗျာပန်းဥယျာဉ်မှာ
ပန်းတစ်ကုံးပြီးတစ်ကုံး သီကုံးခဲ့သူ.....။

ခံစားမှု စိတ်ကူးယဉ်ပြတိုက်က
မာဖီးယားအချစ်ရုပ်ကြွင်းစစ်စစ်ကို
ပန်းကလေးတစ်ပွင့် ဖန်ဆင်းပေးခဲ့သူ...။

လိပ်ပြာတွေရစ်ဝဲ
နှင်းဆီတွေ “ကြွေ”ပြတောင်
နှလုံးသားမီးမှိတ် တိတ်တဆိတ် အိပ်စက်ခဲ့သူ...။

ချစ်သူပြုံးဖို့ဆိုရင်မေတ္တာကိုခင်း
ချစ်ခြင်းတွေသီကျူး
ကြင်နာခြင်းကို လွှမ်းခြုံပေးတတ်သူ...။

ချစ်သူ့မျက်ရည်တစ်စက်
ငရဲမီး ဝဲကယက်လို ....
သောကမွှေနှောက် သူ့စိတ်တွေ ယောက်ယက်ခတ်တတ်သူ...။

အရပ်မှာ(၈)မျက်နှာ
ချစ်သူ့မျက်နှာသာ တစ်ကမ္ဘာဆိုသူရေ...
ယနေ့မှ“စ”လို့ မင်းလျှောက်တဲ့လမ်း
ပန်းပွင့်တို့ကြို....
ကျေးငှက်တို့ တေးဆို
လမိုက်မဲ့ ညတွေကိုဖြတ်သန်း
ချစ်သူရှိရာ မျှော်စင်တန်းကို
နှင်းမပျောက်ခင် မင်းအရောက်ပြန်နိုင်ပါစေ.....

မင်းရဲ့ပြည်တော်ပြန် အချစ်လမ်းမှာ
ကံကောင်းခြင်းပန်းတွေ ပွင့်ပါစေသား....။


HAPPY BIRTHDAY.....“ MOE SET EIAN”




မှတ်ချက်။ ။ အလုပ်တွေအရမ်းပိနေလို့ ကျမကိုယ်တိုင်ချက်ထားတဲ့ ဟင်းလျှာတချို့ရဲ့ပုံလေးတွေနဲ့ မွေးနေ့ပွဲလေးကို ကျင်းပပေးလိုက်ရပါတယ်။
ကဆုန်လ အကြောင်းလေးကိုတော့ ဆရာ မောင်ထင် ရေးသားသော မြန်မာ၁၂လရာသီ စာအုပ်မှ ကိုးကား ကူးယူဖော်ပြထားပါတယ်။

11 comments:

မိုးစက်အိမ် said...

ခုလိုမွေးနေ့ လေးကို အလေးထား ဂရုတစ်စိုက်မမေ့
မလျော့ဘဲကျင်းပပေတဲ့ မနမ်းကိုကျေးဇူးအများကြီးတင်
ပါတယ် နောက်ရှေ့ ဆက်ပြီးလည်း မနမ်းချစ်တဲ့ချစ်သူ
မနမ်းချစ်တဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့  မွေးနေ့ လေး
တွေကျင်းပပေးရင်း စာကောင်းပေမွန်များဆက်လက်ရေး
သားရင်း ဘလော့ဂင်းနိုင်ပါစေဗျာ . . . အားပေး
ခင်မင်လျက် . . .

လင်းခေတ်ဒီနို said...

သိပ်ကောင်းတဲ့ အစီအစဉ်လေးပါပဲ . . . ကိုမိုးစက်ရေ ဟက်ပီးဘတ်ဒေးပါပဲဗျာ . . .

နတ်သမီး လက်ရာတွေက တကယ့် စေတနာ ပါနေတာ တွေ့လိုက်ရတယ် . . . .

တကယ် စားချက်ဖွယ်ရာ မြန်မာ့ အစားအစားနဲ့ လှပတဲ့ အချိုပွဲ ပြင်ဆင်မှုတွေကို ရှု့စားသွားပါတယ် . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

သဒ္ဓါလှိုင်း said...

မွေးနေ့ရှင်တယောက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ချမ်းမြေ့တဲ့ဘဝလေးမှာ လျှောက်လှမ်းနိုင်ပါစေ။
နမ်းရေ.. ခုစာဖတ်နေတဲ့အချိန်မှာ ဘေးနားမှာ လက်ဘက်ရည်လေးတခွက်နဲ့လေ. သောက်ချင်တယ်ဆိုလို့ တိုက်ချင်လိုက်တာ။
ချစ်တဲ့
သဒ္ဓါ

ဆူးသစ် said...

မရောက်တာကြာလို့ လာဖတ်ပါတယ်။ ကဗျာတွေ တော်တော်ရေးဖြစ်နေတာပဲ။ စုပြုံရှင်းသွားပါတယ်။

လရိပ်အိမ် said...

ပုဇွန်ဆီပြန်နှင့်ကြက်ဥဆီပြန်စားချင်သည်။ တွေ့ရင်ချက်ကျွေးပါ အမရေ။ Happy Birthday ကိုမိုးစက်အိမ် !

နွေမင်းလွင် said...

ကဆုန်လမှာ မွေးတဲ့သူချင်းမို့ မွေးနေ့ပွဲကို
မဖိတ်ဘဲ ၀င်ပြီးတော့ အ၀စားသွားတယ်နော်.......

နေ၀သန် said...

မွေးနေ့လေးက အမေနေ့နဲ့ပါ တိုက်နေတော့ အရမ်းကို ကြည်နူးဖို့ကောင်းပါတယ်... နတ်သမီးလေးရဲ့ မွေးနေ့ဆုတောင်းနဲ့အတူ မွေးနေ့ရှင် မိုးစက်အိမ်လည်း ကျန်းမာချမ်းသာပြီး လိုရာဆန္ဒတစ်လုံးတစ်ဝကြီးပြည့်ပါစေလို့..


ခင်မင်လျက်
နေ၀ဿန်

စော(အဝါရောင်မြေ) said...

လဖက်နှင့် ရေနွေးလေး ဝင်ကြိတ်သွားပါတယ်။
မွေးနေ့ မှာ အားလုံးပဲ ပျော်ရွှင်ပါစေ။

မိုးယံ said...

ဟတ်ပီးဘတ်ဒေးပါ ဦးမိုးစက်အိမ်...

မွေးနေ့ပွဲတွေထဲမှာ အခုချိန်ထိ ဒီမွေးနေ့ပွဲကို အကြိုက်ဆုံးပဲကွယ်... သွားရည်တွေ တစ်ကယ်ကျ စားချင်စိတ် မနည်းထိန်းရတယ်..

ပုဇွန်ဆီပြန်နဲ့ ထမင်းစားသွားတယ်... လက်ဖက်သုတ် နည်းနည်းစားပြီးမှ အအေးသောက်ပြီးပြန်တယ်..။ ဂွတ်

Angelhlaing(May everybody be happy and healthy! said...

ကိုမိုးစက်ရေ.....ပျော်ရွင်စရာ မွေးနေ့လေး..ဖြစ်ပါစေ.....မမလက်ရာတွေကလည်း..ကောင်းမှကောင်း..စားချင်လယ်...:):)

sosegado said...

အဆီလျှော့ပါ၊ အချိုလျှော့ပါ အလှပျက်မှာစိုးလို့၊ ဆီပြန်ဟင်းတွေများနေတယ်၊ ကြက်ဥတောင်ဆီပြန်လိုက်သေးတယ်၊
သူများကိုတာလျှော့ခိုင်းတာ ကိုယ်ကတော့ တအားကြိုက်တယ်၊းD

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .