Sunday, April 24, 2011

Happy Easter (သို့မဟုတ်) ဖယောင်းတိုင်ည



ယနေ့(၂၄.၀၄.၂၀၁၁) တနင်္ဂနွေနေ့သည် ဆိုက်ပရပ်စ်(Cyprus) နိုင်ငံမှ ဆီပရိယို(Cypriot)လူမျိုးများရဲ့ အဓိကကျသော Easter ရုံးပိတ်ရက် ဖြစ်သည်။

ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသော ဆိုက်ပရပ်စ်နိုင်ငံမှ ဆီပရိယို(Cypriot) လူမျိုးများအတွက် ခရစ္စမတ်(Christmas)နေ့ထက် ပိုအရေးကြီးသောနေ့သည် အီစတာ(Easter)နေ့ဟု အဆိုရှိသည်။

ဆီပရီယို လူမျိုးများ၏ ရိုးရာဓလေ့အရ တနှစ်ပတ်လုံး မိမိတို့ကျူးလွန်ခဲ့သော အပြစ်(အမှား)များကို အီစတာ(Easter)နေ့ မတိုင်ခင် စနေနေ့ည၌ဘုရားရှင်ထံ ဝန်ချတောင်းပန်ပြီး ဘုရားရှင်မှပေးသော လွတ်ငြိမ်းခြင်းမေတ္တာကို ခံယူလေ့ရှိသည်။

ဆိုက်ပရပ်စ်နိုင်ငံ၏ အီစတာ(Easter) နေ့သည် အင်္ဂလိပ် အီစတာထက် တပတ်စော၍ ကျရောက်လေ့ရှိသည်။
ဆိုက်ပရပ်စ်အီစတာနေ့ကို အမြဲတန်း တနင်္ဂနွေနေ့တွင် ကျင်းပလေ့ရှိသည်။

လွန်ခဲ့သော ရက်(၅၀)ခန့်က ကျရောက်ခဲ့သော Green Monday အပြီးတွင် ကျရောက်လေ့ရှိသည့် Easter နေ့ မတိုင်မီည ၁၂နာရီ အချိန်တွင် ဆီပရိယိုလူမျိုးများသည် နီးရာဘုရားကျောင်းများတွင် ဝတ်ပြုကြပြီး ဘုရားကျောင်းမှကျွေးသော Easter ပေါင်မုန့်ဟုခေါ်သော အသေးစားပေါင်မုန့်နှင့် အနီရောင်ဝိုင်တဇွန်းကို စတိအဖြစ် စားသောက်ရသည်။
ပေါင်မုန့်၏ အဓိပ္ပါယ်မှာ ဘုရားရှင်၏“ အသား” ဖြစ်ပြီး အနီရောင်ဝိုင်၏ အဓိပ္ပါယ်မှာ ဘုရားရှင်၏ “အသွေး”(သွေး)ဟုသိရသည်။

ထိုသို့စားသောက်ပြီးသော် ၎င်းတို့ အသင့်ယူဆောင်သွားသော ဖယောင်းတိုင်ဖြင့် ဘုရားကျောင်းတွင်ထွန်းညှိထားသော မီးကို ကူးယူပြီး မိမိတို့၏ အိမ်တွင် အန္တရာယ်ကင်းစေရန် (၃)ရက်ဆက်တိုက် မီးပူဇော်လေ့ရှိသည်။


စနေနေ့ည (၁၂)နာရီ အချိန်တွင် ဘုရားကျောင်းမှ ခေါင်းလောင်းသံနှင့်အတူ ဖယောင်းတိုင်လေးများကို အသီးသီးကိုင်ဆောင်ထားသော ဆီပရိယိုလူမျိုးများ ဘုရားကျောင်းမှထွက်လာကြပုံမှာ မြင်ရသူ ကျမအဖို့ လွန်စွာပင်နွေးထွေးလှပါသည်။
ထိုညကို “ဖယောင်းတိုင်ည”ဟု တင်စားခေါ်လေ့ရှိသည်။


ဘုရားရှင်ပြန်လည်အထမြောက်သော တနင်္ဂနွေနေ့( Easter Sunday )တွင်တော့ မိသားစုအလိုက် မိမိတို့၏နေအိမ်များတွင် ဆွေမျိုးများတွေ့ဆုံပြီး ရိုးရာအစားအစာများကို ချက်ပြုတ်စားသောက်ကြသည်။
ခလေးများမှာ ရိုးရာကစားနည်းဖြစ်သော အရောင်ဆိုးထားသည့် ကြက်ဥပြုတ်များကို ထုရိုက်ကစားကြသည်။ ကြက်ဥကို ဆေးအနီရောင်ဆိုးရခြင်း၏အဓိပ္ပါယ်ကတော့ “Blood of God” .......“God give the food”... ဟုသိရှိရပါသည်။
ယခုခေတ်တွင်တော့ ကြက်ဥများကို ဆေးရောင်စုံများဆိုးပြီး အလှဆင်လာကြလေပြီ။
တချို့မှာ ပင်လယ်ကမ်းစပ်များတွင် ပျော်ပွဲစားထွက်ကြပြီး ညဘက်များတွင် မိသားစုလိုက် စားသောက်ဆိုင်များတွင် ညစာစားကြသည့်အတွက် ကျမတို့လို စားသောက်ဆိုင်တွင် အလုပ်လုပ်သော ဝန်ထမ်းများအတွက် အလုပ်များသောနေ့ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

မှတ်ချက်။ ။ ဆီပရိယိုလူမျိုးများ၏ အီစတာနေ့ အကြောင်း ရေးသားရာတွင် ဘာသာရေးအရ မှားယွင်းမှုတစုံတရာလွဲချော်မှုရှိခဲ့ပါလျှင် ကျမ၏ ဘာသာပြန်မှားယွင်းမှုသာဖြစ်ပါကြောင်း ။


12 comments:

အလင်းသစ် said...

ဗဟုသုတအဖြစ် မှတ်သားသွားပါတယ်။။

Kogyimaung said...

မမအိန်ဂျယ်ရေ..ဗဟုသုတရလိုက်ပြန်ပြီ

Han Kyi said...

အီစတာအကြောင်းရေးထားတာ အမှားမပါပါဘူးဗျာ ဒီပွဲတော် ကျင်းပရတဲ့အယူအဆက ရေးထားတဲ့အတိုင်းပါပဲ စိတ်မရှိရင် တစ်ခုပြောမလို့ပါ ဖုယောင်းတိုင် လို့ရေးမယ့်အစား ဖယောင်းတိုင်လို့ ရေးရင် ဖတ်လို့ပိုကောင်းမယ် ထင်လို့လေ...

Angelhlaing(May everybody be happy and healthy! said...

မမရေ ဗဟုသုတတွေအတွက် ကျေးဇူးပါ ခုမှပဲ သေသေချာချာသိရတော့တယ်..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

အဖြူရောင်နတ်သမီး said...

ပြင်လိုက်ပြီ အကို ဟန်ကြည်ရေ...
ကျေးဇူးပါရှင်..။

လင်းခေတ်ဒီနို said...

နတ်သမီး happy easter ပါး)

ရွှေရတုမှတ်တမ်း said...

အီစတာမှာ နှစ်တိုင်းလည်နေကြ၊ ဒီနှစ်တော့ ဘယ်မှမရောက်ဘူး..

မင်္ဂလာပါ .... said...

ဗဟုသုတရမှတ်သားစရာလေးယူသွားပီ မမရေ ..
သူ့နိုင်ငံ သူ့လူမျိုးတွေရဲ့ ထူးခြားတဲ့အလေ့အထလေးကကြည်နူးချမ်းမြေ့စရာပါပဲ

ညီမလေး နှင်းဟေမာ

ကိုဇော် said...

သူ့နိုင်ငံနဲ့ သူအယူအဆ အရတော့ ပျော်စရာပါပဲ။
ပျော်လည်း ပျော်ကြမှာပါ။
ပျော်အောင်လည်း လုပ်ကြတာကိုး . . .
ပျော်ရွှင်ပါစေ။

အိပ်မက်ချို said...

ကြက်ဥလေးတွေ ဆေးဆိုးထားတာ လှလိုက်တာတော်
လိုချင်လိုက်တာ စားဖို့ထက် အလှသိမ်းထားဖို့ ပိုကောင်းမယ်နော်။
အီစတာနေ့အကြောင်း ဗဟုသုတရတယ်။
ကျေးဇူးတင်လိုက်တာ

သက်တန့်ချို said...

အရင်က အဲဒီပွဲတော်ကို သိတော့သိတယ် ဒီလောက် detail ကြီးမသိဘူးဗျ အခု အစ်မတော်ကျေးဇူးကြောင့်သိရပြီ ဟီး နောက်လည်း ဒီလို သုတလေးတွေ ရေးပါဦး နော် အစ်မဖြူ :D

နေ၀သန် said...

ဗဟုသုတရတယ်.. အမရေ...း))))

ခင်မင်လျက်
နေ၀ဿန်

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .