Monday, March 7, 2011

Green Monday(သို့မဟုတ်)Clean Monday(သို့တည်းမဟုတ်) Kite flying Day





ယနေ့(ရ.၀၃.၂၀၁၁) တနင်္လာနေ့သည် ဆိုက်ပရပ်စ်(Cyprus) နိုင်ငံမှ ဆီပရိယို(Cypriot)လူမျိုးများရဲ့ အရေးပါသော ရုံးပိတ်ရက် တရက်ဖြစ်သည်။
အကြောင်းမှာ..

ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသော ဆိုက်ပရပ်စ်နိုင်ငံမှ ဆီပရိယို(Cypriot) လူမျိုးများအတွက် ခရစ္စမတ်(Christmas)နေ့ထက် ပိုအရေးကြီးသောနေ့သည် အီစတာ(Easter)နေ့ဟု အဆိုရှိသည်။

ဆီပရီယို လူမျိုးများ၏ ရိုးရာဓလေ့အရ တနှစ်ပတ်လုံး မိမိတို့ကျူးလွန်ခဲ့သော အပြစ်(အမှား)များကို အီစတာ(Easter)နေ့တွင် ဘုရားရှင်ထံ ဝန်ချတောင်းပန်ပြီး ဘုရားရှင်မှပေးသော လွတ်ငြိမ်းခြင်းမေတ္တာကို ခံယူလေ့ရှိသည်။

ဆိုက်ပရပ်စ်နိုင်ငံ၏ အီစတာ(Easter) နေ့သည် အင်္ဂလိပ် အီစတာထက် တပတ်စော၍ ကျရောက်လေ့ရှိသည်။
ဆီပရီယို လူမျိုးများသည် အီစတာနေ့မရောက်ခင် ရက်(၅၀) အလိုတွင် ကျရောက်သော တနင်္လာနေ့ကို Green Monday ဟုသတ်မှတ်ပြီး ထိုနေ့မှ“စ”၍ အီစတာနေ့အထိ ၎င်းတို့၏ ခန္ဓာ(body)နှင့် စိတ်(sold)ကို သန့်စင်သည့်အနေဖြင့် သွေးမြင်ရသော အသားများ(Animal products)ကိုရှောင်ကာ သွေးမပါသည့် ပုဇွန်နှင့် ငါးတချို့ကို စားကာ အီစတာ(Easter) နေ့ရောက်သည့်အခါ ဘုရားရှင်၏ ခွင့်လွှတ်ခြင်း မေတ္တာတော်နှင့်တကွ ဘုရားရှင်မှချီးမြှင့်တော်မူသော အသွေးနှင့်အသားကို ရယူကြသည်။
ဘာသာတရားပြင်းထန်သော သူများကတော့ ဟင်းသီးဟင်းရွက်များကိုသာစားပြီး မိမိတို့၏ ခန္ဓာနှင့်စိတ်ကို သန့်စင်ကြသည်။


ဤကဲ့သို့ သက်သတ်လွတ်“စ”တင်စားသော တနင်္လာနေ့ကို “Green Monday”(သို့) “Clean Monday ”ဟု သတ်မှတ်ပြီး ထိုနေ့တွင် မိသားစုအလိုက် ပင်လယ်ကမ်းစပ်များ၌ ပျော်ပွဲစားထွက်လေ့ရှိကြသည်။

ထိုနေ့တွင် ပင်လယ်ကမ်းခြေရှိ ကောင်းကင်ကို မော့ကြည့်လိုက်ပါက ဝေဟင်တွင်ပျံသန်းလျှက်ရှိသော ဒီဇိုင်းမျိုးစုံလင်လှသည့် ရောင်စုံစွန်များကို တွေ့မြင်နိုင်ပါသည်။



Green Monday နေ့တွင် စွန်များကို အပြိုင်အဆိုင်လွှတ်တင်သည့် ရိုးရာကစားနည်းကို ကစားလေ့ရှိသည့်အတွက် ထိုနေ့ကို “Kite Flying Day ”ဟုလည်းခေါ်သည်။


ဆီပရီယိုလူမျိုးများအတွက် ပျော်ပွဲစားဝိုင်းတွင် မပါမဖြစ်သည့် ရိုးရာစားသောက်ဖွယ်ရာများကတော့ အမျိုးသားများအတွက် “တပက်”ဝင်ခွက်ကလေးများဖြင့် တဂျိုက်ထဲ မော့သောက်ရသည့် “ဇီဗားနီးယား”(Zivania) ဟုခေါ်သော ဒေသခံ မီးတောက်အရက်ဖြူနှင့်



မိသားစုအတွက် “လိုကူမားဒက်စ်” (Lokumadus) ဟုခေါ်သော

မုန့်လက်ကောက်အရသာနှင့် ခပ်ဆင်ဆင်တူသော အချိုလုံးများပင်ဖြစ်ပါကြောင်း တင်ပြရင်း...။

မှတ်ချက်။ ။ ဆိုက်ပရပ်စ်နိုင်ငံ၏ ရိုးရာ ပွဲတော်ဖြစ်သော Green Monday အကြောင်းရေးသားရာတွင် ဘာသာပြန်လွဲချော်မှု တစုံတရာ ရှိခဲ့ပါလျှင် ကျမ၏ မှားယွင်းမှုသာဖြစ်ပါကြောင်း ။




4 comments:

တောက်ပကြယ်စင် said...

နတ်သမီးရေ Green Monday ပွဲတော်ကို လာရောက်ပါဝင်ဆင်နွဲသွားပါကြောင်း ရွှင်လန်းချမ်းမြေ့ပါစေ

ဟန်ကြည် said...

အားကျစရာကောင်းတဲ့ ပျော်စရာပွဲတော်ပေပဲ...ဇီးဗားရီးယားကိုကြည့်ရတာတော့ တော်တော်ပျင်းမယ်ထင်တယ် မုန့်လက်ကောက်လို ချိုရဲရဲကြီးနဲ့တော့ လိုက်မလိုက် စဉ်းစားနေမိသေးတယ်...ကျေးဇူးပါ

မိုးငွေ့...... said...

ဗဟုသုတလေးလာမျှဝေပါတယ်....း)

ခင်တဲ့
မိုးငွေ့

စော(အဝါရောင်မြေ) said...

ကျတော်တို့  အညာမှာရှိတဲ့ မုန့် သြဇာနှင့် တူတယ်။ သူတို့ က သကြားနဲ့လုတ်တာ ဖြစ်လိမ့်မယ်။
ကြည့်လို့ ကောင်းတယ်။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .