Monday, September 6, 2010

အုပ်ချုပ်သူ...ဆိုတာ


လွန်ခဲ့တဲ့(၂)ရက်လောက်က ကျမရဲ့လုပ်ငန်းခွင်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတခုပါ။ ည(၁၀)နာရီခွဲခန့်ဖြစ်သည်။
ဧည့်ကြိုကောင်တောမှာ ကျမရပ်နေစဉ် အင်္ဂလိပ်လူမျိုးစုံတွဲ တတွဲ ဆိုင်ထဲသို့ဝင်လာပြီး Reservation မလုပ်ထားကြောင်း၊ စားပွဲနေရာကောင်းကောင်းတွင် ထိုင်ချင်ကြောင်း တောင်းဆိုလာသဖြင့် ဧည့်သည်သိပ်မများလှသော ဆိုင်၏ အလယ်ထပ်မှ ပြတင်းပေါက်နှင့်ကပ်လျှက်စားပွဲ

တွင် နေရာချပေးလိုက်သည်။

ခနကြာတော့ သူတို့မှာထားတဲ့ ဟင်းရည်က မပူလို့ဆိုပြီး ပြဿနာရှာတဲ့အတွက် စားဖိုမှူးကိုပြောပြီး ဟင်းရည်အသစ် ထပ်မံချက်ပေးလိုက်ပါတယ်။ အဲဒါကို မကျေနပ်နိုင်ပဲ တခြားဧည့်သည်များအား နေရာချပေးနေသည့်ကျမကိုလှမ်းခေါ်ပြီး “မင်းတို့ဆိုင်က မန်နေဂျာ ဘယ်သူလဲ..၊ မင်းတို့ဆိုင်က တာဝန်ရှိသူနဲ့တွေ့ချင်တယ်” ဆိုပြီး တခြားဧည့်သည်များကြားအောင် အော်ကြီးဟစ်ကျယ် လုပ်ပါတော့တယ်။

(၂၀၀၉)ခုနှစ် ကလည်း ထိုနည်းတူ ပြဿနာတရပ်ဖြစ်ခဲ့ဖူးတာကို ကျမပြန်ပြီးသတိရသွားချိန်မှာတော့ အဲဒီတုန်းက ပြဿနာရှာခဲ့တဲ့ လင်မယားဟာလည်း ယခုပြဿနာရှာနေတဲ့ လင်မယားပဲဆိုတာကို
သူတို့ပြောတဲ့ စကားလုံးတိုင်းရဲ့ “မင်းတို့ဆိုင်က မန်နေဂျာ ဘယ်သူလဲ..၊ မင်းတို့ဆိုင်က တာဝန်ရှိသူနဲ့
တွေ့ချင်တယ်” ဆိုတဲ့ တူညီမှု၊ တထပ်တည်းကျမှုများက ကျမရဲ့မှတ်ဥာဏ်ကို နှိုးစွလိုက်တာပါပဲ။

(၂၀၀၉)နှစ်တုန်းကတော့ “Customers are always right” ဆိုတဲ့ “မည်သည့်ဧည့်သည်နှင့်မှ ထိပ်တိုက်စကားမများရ၊ ဧည့်သည်များကို စိတ်ချမ်းသာစေရမည်” ဆိုတဲ့ Hotel နှင့် Restaurant များရဲ့ ဥပဒေအရ ပြဿနာရှာမှန်းသိသော်လည်း ကျမတို့ဆိုင်က တာဝန်ရှိ မန်နေဂျာမက သူတို့ကို ပိုက်ဆံမယူပဲ အလကားကျွေးခဲ့ပါတယ်။

အခုတခါမှာတော့ ယခင်က အစီအစဉ်အတိုင်း တကြော့ပြန်လာတဲ့ သူတို့ရဲ့အကြံကို ကြိုတင်ရိပ်စားမိသွားတဲ့ ကျမဟာ ကျမတို့ကုမ္ပဏီမှ စားသောက်ဆိုင်(၅)ဆိုင်ကို အုပ်ချုပ်လျှက်ရှိသော အထွေထွေမန်နေဂျာ(General Manager)ကို အကြောင်းစုံပြောပြပြီး ပြဿနာရှာသူ ဧည့်သည်များနဲ့ပေးတွေ့စေခဲ့ပါတယ်။

မန်နေဂျာ။ ။ “မင်္ဂလာညနေခင်းပါ ခင်ဗျာ..ကျွန်တော်က ဒီဆိုင်က မန်နေဂျာပါ၊ လူကြီးမင်းတို့ ဘာများမကျေနပ်တာရှိပါသလဲ..၊ ”

ဧည့်သည်။ ။ “စိတ်ပျက်စရာအလွန်ကောင်းတဲ့ ဒီလိုအေးစက်နေတဲ့ဟင်းရည်မျိုးကို ဒီတခါပဲ သောက်ဖူးသေးတယ်...”

ဧည့်သည်သည် “အေးစက်နေတဲ့” ဆိုသည့်စကားလုံးကို “Frozen”ဟုသုံးနှုံးခဲ့သည်။
ကျမတို့ဆိုင်မှ ဟင်းလျှာများသည် ဧည့်သည်မှာသည့်အခါမှ ချက်ချင်းချက်ပြုတ်ရသော ဟင်းများဖြစ်သည့်အတွက် ဟင်းများမှာ အငွေ့တထောင်းထောင်းထနေသည်ချည်းသာဖြစ်သည်။

“Frozen” ဆိုသည်မှာ “အလွန်အေးသော၊အရည်ခဲသွားသော”ဟုအဓိပ္ပါယ်ရသည့်အတွက် ဧည့်သည်၏လုပ်ကြံပြောဆိုမှုမှာ ပေါ်လွင်လှခြင်း၊ ပိုက်ဆံမပေးချင်၍ ပြဿနာရှာဖူးသော အချောင်သမားများဖြစ်သည်ကို ကြိုတင်သိထားခြင်း၊ ဧည့်သည်များနှင့် ပြဿနာအတက်ခံလေ့မရှိသော ဟိုတည်နှင့် စားသောက်ဆိုင်များ၏ အားနည်းချက်ကို အပိုင်တွက်ထားသော ထိုဧည့်သည်များ မထင်မှတ်ထားသည့် စကားကို မန်နေဂျာက ပြောလိုက်သည်မှာ ...

မန်နေဂျာ။ ။ “ကျေးဇူးပြုပြီး လူကြီးမင်းရဲ့မဖြစ်နိုင်တဲ့ တိုင်ကြားမှုကို ဒီနေရာမှာတင် ရပ်တန့်ပေးပါ၊ ဒီလိုစကားမျိုးကို ကျွန်တော်တို့ဆိုင်ထဲမှာ ဆက်ပြောဖို့ ကျွန်တော်ခွင့်မပြုပါဘူး..၊ ကျွန်တော်တို့ဆိုင်က ဟင်းလျှာများရဲ့အရည်အသွေး(Quaility)နဲ့ အဆင့်အတန်း(Standard)ကို ကျွန်တော်တို့အသိဆုံးပါ”..

ပြတ်သားလှသည့် မန်နေဂျာ၏ စကားကြောင့် ထိုဧည့်သည်မှာ ဘာမှဆက်မပြောတော့ပဲ စကားလမ်းကြောင်းပြောင်းသွားပြီး ညစာကို ငြိမ်သက်စွာ ဆက်၍စားခဲ့သည်။ ဒီတခါမှာတော့ သူတို့ထင်ထားသလို အလကားမစားရသည့်အတွက် မျက်နှာတော့ သိပ်မကောင်း။

ကျမကြိတ်၍ပြုံးမိသည်။ ပြဿနာတရပ်ကို ပြတ်သားသောစကားလုံးများဖြင့် ရဲဝံ့စွာဖြေရှင်းပြသွားသော ကျမတို့ကုမ္ပဏ္ဍီမှ အထွေထွေမန်နေဂျာအား ကျမချီးကျူးမိသည်။ လေးစားမိသည်။
“Customers are always right”
ဆိုသော်လည်း ဟိုတည်နှင့်စားသောက်ဆိုင်များတွင် အုပ်ချုပ်နေကြသော၊ အလုပ် လုပ်နေကြသော အုပ်ချုပ်သူများနှင့် ဝန်ထမ်းများသည် အတွေ့အကြုံ ရင့်ကျက်ပြီးသူများ ဖြစ်သည်ကို အကြံသမား ဧည့်သည်များသိအောင် ပြသရသည့် အခါမျိုးလည်းရှိသည်။
ထိုသို့ပြသရာတွင်လည်း ပြဿနာတရပ်ကို ကြီးထွားမှုမရှိစေပဲ ငြိမ်းချမ်းသော နည်းလမ်းမှန်ဖြင့် ဖြေရှင်းရင်း ...“ဟိုတည်နှင့် စားသောက်ဆိုင်များသည် အကြံသမားများအတွက် လှည့်စားသမျှ ခံရသည့် အညံ့ခံသူများမဟုတ်”..ဆိုသည်ကို သာဓကပေးရင်း...

မိသားစုကိုအုပ်ချုပ်သောမိဘများ..
ကျောင်းသား/သူများကို အုပ်ချုပ်သော ဆရာ/ဆရာမများ...
ဝန်ထမ်းများကို အုပ်ချုပ်သော အထက်လူကြီးများသည် နည်းလမ်းပေါင်းစုံဖြင့် အောက်လက်ငယ်သားများကို အုပ်ချုပ်လျှက်ရှိပါသည်။

ကျမတို့စားသောက်ဆိုင်တွင်လည်း အုပ်ချုပ်မှုအဆင့်ဆင့်ရှိသည်။ တခါတလေ လိုက်လျှောမှု၊ အရောဝင်မှုများကို အခွင့်အရေးယူပြီး ကန်းတက်ချင်သောဝန်ထမ်းများ၊ လုပ်ငန်းနေရာကျော်၍ စည်းကျော်ပတ်သက်လာသော ဝန်ထမ်းများ၊ Senior ဟုခေါ်သော ရာထူး၊ အသက်၊ ဝါ၊ စသည်တို့ကို လေးစားမှုမရှိပဲ ခြေရာတိုင်း လာသောဝန်ထမ်းများလည်း ရှိပါသည်။

ထိုသို့သော သူများကို အုပ်ချုပ်သူများမှ ပြောဆိုဆက်ဆံပုံများ ပြောင်းလဲခြင်းဖြင့်သော်၎င်း၊ ဟန်အမူအရာဖြင့် ခပ်တင်းတင်း ဆက်ဆံခြင်းဖြင့်သော်၎င်း၊ လုပ်ငန်းခွင်အတွင်း တင်းကြပ်စွာ ချုပ်ကိုင်ခြင်းဖြင့်သော်၎င်း၊ အလျှော့အတင်းလုပ်ကာ နည်းမျိုးစုံဖြင့် အုပ်ချုပ်ရသည်။

ကျမ၏ လုပ်ငန်းခွင်တွင်လည်း ထိုသို့သောဝန်ထမ်းတချို့ကို ကျမအပေါ် ရိုသေမှု၊ လေးစားမှုရှိစေရန် နည်းမျိုးစုံဖြင့် ထိန်းချုပ်ကိုင်တွယ်ရသည်။

ကျမကတော့ လက်အောက်ငယ်သား ဝန်ထမ်းများကို အပြုံးမပျက် အုပ်ချုပ်လေ့ရှိပါတယ်..။ အဲဒီအပြုံးတွေထဲမှာပဲ အဓိပ္ပါယ်ပေါင်းများစွာရှိနေခဲ့တယ်။
ကျမရေးခဲ့ဖူးတဲ့ “ပြုံးနေရင် သတိထား”..ဆိုတဲ့ ဆောင်းပါးထဲကလိုပေါ့....
အုပ်ချုပ်သူဆိုတာ...
အနစ်နာခံတတ်သူ..
ပြောရဲဆိုရဲသူ...
မျှတစွာတွေးခေါ်ဆုံးဖြတ်တတ်သူ...
ပြဿနာတရပ်ကို ရန်မများ၊ အချင်းမပွားပဲ ပညာပါပါနှင့်ဖြေရှင်းတတ်သူ...
Experience အပြည့်ရှိသူ...ဆိုတာ...
တင်ပြရင်း...ကျမအလုပ်လုပ်သော ကုမ္ပဏ္ဍီမှ စားသောက်ဆိုင်(၅)ဆိုင်ကို အုပ်ချုပ်သော အုပ်ချုပ်သူ အထွေထွေမန်နေဂျာ ၊ “ President of the Cyprus Chefs Association ”ဖြစ်သူ၊ ကျမလေးစားရသော Mr. Yiannakis Agapiou ၏ အကြောင်းကို တစေ့တစောင်းဖော်ပြလိုက်ရပါသည်။

*(သူ၏အကြောင်းကို ပိုသိချင်ပါက Google search တွင် Yiannakis Agapiou ဟုရိုက်နှိပ်၍ ကြည့်ရှုနိုင်ပါသည်။)

18 comments:

နေ၀သန် said...

ဟုတ်တယ်..ပြဿနာတစ်ခုကို အချင်းမပွားစေပဲ ရှင်တတ်တာဟာ သိပ်ကိုပညာပါးဝသလို အတွေ့အကြုံကောင်းလည်းလိုတယ်..... ကျွန်တော်အလုပ်လုပ်ခဲ့စဉ်က ဒီနေရာမှာ သိပ်လိုခဲ့တယ်....း)))

ခင်မင်တဲ့
နေ၀သန်

ချစ်ကြည်အေး said...

ဟုတ်ပါ့ ကတ်စတမ်မာဟာ အမြဲမှန်တယ်ဆိုတာ အမလည်း လက်မခံဘူး၊ ဒါနဲ့ပဲ သူတို့က သိတ်အခွင့်ကောင်းယူတယ်၊ ညီမရဲ့ မှတ်မိနေတဲ့ ဉာဏ်ရည် နဲ့ မန်နေဂျာရဲ့ အကင်းပါးပါးနဲ့ ကိုင်တွယ် ဖြေရှင်းပုံကို သဘောကျတယ်...

ရွှေရတုမှတ်တမ်း said...

တော်လိုက်တာ..ဘကျောက်တရုပ်ဆိုင်မှာ လုပ်တုန်းက တရုပ် မန်နေဂျာက အမြဲအလျော့ပေးတာ..အူယားနေတာပဲ..
ခက်တာက သူကအလည်လာပြီး အမေရိကမျာ ခိုးနေတဲ့တရုပ်ဆိုတော့ ကြောက်တာလဲပါမှာပေါ့လေ..

မြတ်မွန် said...

ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့နော်။

မောင်မျိုး said...

အဲ့လို အထက်လူကြီးရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိတာပေါ့နော် လေးစားစရာပါ ။

blackroze said...

ပြသနာကိုအေးဆေးမှန်ကန်စွာဖြေရှင်းနိုင်တာ
လည်း..အရည်အချင်းကောင်းတခုပါဘဲ..

ကိုဇော် said...

လူတိုင်းကတော့ ပြဿနာတွေ ကြုံဖူးတာပါပဲ။ ဖြေရှင်းပုံဆိုတာကလည်း အခြေအနေပေါ် မူတည်ပြီး ကွဲလွဲကြတာပါပဲ။ အခု ဖြေရှင်းတာက မှန်ကန်တဲ့ ဖြေရှင်းမှု တစ်ရပ်ပါ။

ဇာနည်မောင် said...

ပို့စ် အသစ်လေးလာဖတ်သွားပါတယ် နတ်သမီးရေ ..... နတ်သမီးတို့ မန်နေဂျာက မျက်နှာကြီးရာဟင်းဖတ်ပါတဲ့ မန်နေဂျာမျိုးမဟုတ်ပဲ အမှန်တရားဖက်က ရဲရဲရပ်တည်ရဲတဲ့အတွက် congratulation လို့ပြောပေးပါနော် ...............

~ဏီလင်းညို~ said...

နတ်သာမီးရေ့........

ကောင်းပါ့ဗျာ.......။
အဲ့ဒီလို စဉ်းစားဖြေရှင်းတတ်တဲ့ မန်နေဂျာနဲ့ အလုပ်လုပ်ရတာ နတ်သာမီးတို့ ကံကောင်းတယ်......။ ပညာရတာကိုဆိုလိုတာပါဗျာ.........။
(ကိုဏီးဆိုရင်တော့ အဲ့ဂလို ကာစတမ်မာကို ယောင်းမနဲ့ ဒေါင်ခနဲနေအောင် ပိတ်ခေါက်ပစ်မိမလားမသိဘူး....ဟိဟိ...း))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Anonymous said...

မန်နေဂျာကောင်း အုပ်ချုပ်သူကောင်းဖြစ်ဖို့ မလွယ်ဘူးနော် မျှဝေပေးတာ ကျေးဇူး
ခင်မင်စွာဖြင့်
seesein

မိုးငွေ့...... said...

ွဂွတ်တယ်...နတ်သမီး တော်တယ်....

ခင်တဲ့
မိုးငွေ့

သိင်္ဂါကျော် said...

ဟုတ်တယ်. အုပ်ချုပ်သူ ဆိုတာ တင်းလွန်းရင်လည်း မကောင်း၊ ပျော့လွန်းရင်လည်း မကောင်း.. နည်းပရိယာယ် လည်း ရှိမှ ဖြစ်မှာ နော်..

နွေဆူးလင်္ကာ said...

သည်းခံ ဂျီးတော် ... ခန္တီပါရမီဆိုတာ ဖြည့်ကောင်းတယ် ..

tin min htet said...

ဒီလိုမျိုး အလုပ်ခွင်ထဲက စိတ်ဝင်စားစရာ အကြောင်းလေးတွေ ဖတ်ရတာ ကြိုက်ပါတယ်။

အဖြူရောင် ဘလော့ဂ်နဲ့ ကျွန်တော့်ဘလော့ဂ်က သက်တန်းမကွာလှဘူး။ ကျွန်တော်က ရေးတချက် မရေးတချက်ဖြစ်နေချိန်မှာ။ အဖြူရောင်ဘလော့ဂ်က တော်တော်ကို ပြည့်စုံလှပတဲ့ ဘလော့ဂ်ဖြစ်နေပြီ။ ဝမ်းသာပါတယ်။

An Asian Tour Operator said...

အတွေ့ အကြုံပေါ့လေ..။ ပညာယူရတာပေါ့။

အနော် said...

စားသုံးသူဟာ အမြဲမှန်တယ်ဆိုပေမဲ့ အကျိုးအကြောင်းကို ဆင်ခြင်နိုင်စွမ်းရှိပြီး အခုလိုမျိုး သမာသမတ်ရှိတဲ့အထက်လူကြီးရဲ့ လက်အောက်မှာ အလုပ်လုပ်ခွင့်ရတာ ကံကောင်းတယ်နော် အမ...
ပျော်ရွှင်ပါစေ

ဟန်နာ said...

အမတို့ မန်နေဂျာက တော်လိုက်တာ..အဲ့လို ခေါင်းဆောင်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရတဲ့ အမ တို့ လည်း ကံကောင်းတယ်.. ကိုယ့်ဘက်က မှန်ရင် ဘာမှ ကြောက်စရာမလိုဘူး ဆိုတာကို အမ မန်နေဂျာက သက်သေပြလိုကတာပဲနော်.. :)

သဒ္ဓါလှိုင်း said...

ကိုယ်မှန်ရင်ကြောက်စရာမလိုပါဘူးတဲ့..
ကိုယ်မမှန်လို့ကြောင်နေကြတာနော်..

ချစ်တဲ့
သဒ္ဓါ

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .