Tuesday, August 3, 2010

မျက်တော်ဖြေ ...ခရေ


ခပ်ယဲ့ယဲ့ ခရေ ကိုမှ
ခြွေရက်တဲ့..မေ
ခရေ လွမ်းလို့ နွမ်းရပြီကော....

ခရေ အိပ်ပျက် နွေအိပ်မက်မှာ
အထီးကျန်စွာ ခရေ ဆွေးတော့...
မေ အနေခက်ပြီပေါ့...

မေ့အလွမ်းနဲ့
ခရေ့ ကိုနမ်းတော့
မေ့ အချော့မှာ ခရေ ပျော့ရပြန်ရော...

မခြွေခင်က ကြွေပြရတဲ့ ခရေ့ဘဝ
နွေမက ပူနေရင်တောင်
မေ့အတွက်ဆို
အေးမြအပြုံး ခရေသုံးလို့
ရင်ကို အေးမြစေခဲ့သူ....

ခရေ တန်ဖိုး
မေ သိပြန်တော့
တသိမ့်သိမ့်ခံစား
ခရေ ကိုသနား
မြတ်နိုးတွယ်တာ
တသက်မှာ တဘဝ
ခရေ ကို ထာဝရ
မေချစ်ဖို့ရည်ရွယ်.
ခရေ သိပါစေကွယ်...။

24 comments:

rose of sharon said...

နတ်သမီးလေးရေ... အမလဲ ခရေပန်းသိပ်ကြိုက်တယ်... မမြင်ရတာတောင်ကြာပေါ့...

မိုးခါး said...

ခရေ သိပါစေ အစ်မရေ ..း))

အနှိုင်းမဲ့ said...

ဒီကဗျာကိုတော့ အရမ်းခိုက်သွားပြီ...။
ခရေကိုမကြိုက်ပေမယ့်...ခရေတွေနဲ့သီထားတဲ့
ကဗျာလေးကိုတော့ ကြိုက်သွားတယ်...။

ကိုကိုမောင်(ပန်းရနံ့) said...

ခရေလေးက ဒီကဗျာလေးကို ဖတ်ပြီး ကျေနပ် ကြည်နူးနိုင်မှာပါ။

နန်းလေပြေနု said...

တန်ဖိုးနဲ့ ညီမျှတဲ့ ချစ်ခြင်း ခရေ ပိုင်ဆိုင်နိုင်တာ အမြန်ဆုံး သိပါစေလို့ ကူဆုတောင်းပေးခဲ့ပါတယ်။

အလင်းသစ် said...

ခရေရနံ့ သင်ထုံမွှေးမြတဲ့
ကဗျာပန်းခင်းထဲ
စိတ်ချမ်းကြည်မြ
ကျနော်.....
အလည်ရောက်ခဲ့တယ်။

နွေဆူးလင်္ကာ said...

ဂျီးတော် .. ခရေပန်းတော့ လိုက်မရောင်းလောက်ပါဘူးနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခရေနံ့ကို သဘောကျတယ်..
ငယ်ငယ်က ကျောင်းပတ်ပတ်လည်ခရေပင်တွေကြီးဘဲ
ကျောင်းသွားရင်းခရေကောက်ရတာ ပျော်ဖို့ကောင်းတယ်
သတိရသွားပြီ.

မိုးယံ said...

ခရေပန် နဲ့ ဇတ်လမ်းများ ရှိလေသလားကွယ်။
စီပုံး ရှာမရလို့ မန့်ခဲ့ပါတယ်ဗျာ

မိုးယံ said...

ခရေပန်းနဲ့ ဇတ်လမ်းများ ရှိခဲ့လေသလား နတ်သမီးရယ်

စီပုံးရှာမရလို့ ဒီမှာပဲ မန့်ခဲ့ပါတယ်ဗျာ

မိုးယံ said...

ခရေပန်းနဲ့ ဇတ်လမ်းများ ရှိခဲ့လေသလား နတ်သမီးရယ်

စီပုံးရှာမရလို့ ဒီမှာ မန့်ခဲ့ပါတယ်

မိုးငွေ့...... said...

ငါ့ညီမ ကဗျာလက်သွက်လာလှချေလား....

ခင်တဲ့
မိုးငွေ့

စန္ဒကူး said...

ကဗျာလေးတွေလဲဖတ်သွားတယ်။
ဖိတ်ထားတာလဲအကုန်လက်ကျန်လေးတွေစားသွားတယ်။ အဖြူရောင်မြန်မာအိကျီနဲ့ အရမ်း ကြက်သရေ ရှိတာဘဲ။ မမအဖြူရောင်နတ်သမီးက လှတာထက် ချောတာ.. အကြည့်ခံပီး ကျက်သရေ ရှိတဲ့သူမျိုး...
အပြင်မှာတွေ့ဖူးချင်သေးတယ်။ နောက်တစ်ခေါက် ပြန်အုံးမယ်ဆို လက်တို့လိုက်နော်.း))

ချစ်ကြည်အေး said...

ညီမ နတ်သမီးရေ ခရေကဗျာလေးက နုနွဲ့နေတာပဲ....
ကဗျာလာဖတ်ရင်း လင့်ခ်ယူထားတဲ့ အကြောင်းလေး လာပြောပါတယ် ညီမရေ...:)

အနမ်း said...

ခရေကဗျာလေးလာဖတ်သွားတယ်။
နတ်သမီးနဲ့လိုက်ဖက်တဲ့ ကဗျာလေးပါပဲ။

SHWE ZIN U said...

ခရေ အနံလေး ကို ပိုကြိုက်တယ်ဗျာ

ခင်မင်တဲ့
ရွှေစင်ဦး

blackroze said...

အမဖြူရေ..
ကဗျာလေးကလေ..
ခရေရနံလေးသင်းနေတာဘဲအမရယ်...

ကိုရီး{ကိုကြီး} said...

ခရေပန်းရဲ့ ခံစားမှုလေးကို ခံစားသွားပါတယ်
နောက်များလည်း လာခဲ့ပါဦးမယ်ဗျာ.....
ချမ်းမြေ့ပါစေ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
www.k0gyi.multiply.com

ခိုင်နုငယ် said...

မနမ်းရေ..လာလည်အားပေးတဲ့အတွက်
ကျေးဇူးပါတော်။
ခရေပန်းတော့..ကြိုက်တယ်..ရနံ့လေးကိုရော
ရေစိမ်ထားရင်အမြဲလန်းနေတဲ့ပွင့်ဖက်လေးတွေကို
ရောသနပ်ခါးထဲထည့်လူးရတာကြိုက်ပါ့။
ခရေနဲ့သီကုံးထားတဲ့ကဗျာလေးကလည်း...
ခရေရနံ့လေးလိုပါပဲ။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ဇာနည်မောင် said...

မင်္ဂလာပါ နတ်သမီးရေ ရောက်လာပြီး ဖတ်သွားမှတ် သွားပါတယ်

ညလင်းအိမ် said...

လက်ရာတွေ အရမ်းတက်လာတယ် ...
ကဗျာနူးနူးညံ့ညံ့လေး အရမ်းကောင်းတယ် ....

ခရေနဲ့အတူ
အချစ်ဆုံးသူ
ခရေကိုပျိုး
ရနံ့တိုးပါစေ ...။

အင်ကြင်းသန့် said...

တကယ့်ကို နုနုနွဲ့နွဲ့ ကဗျာလေးပဲ....ထာဝရချစ်ဖို့ ရည်ရွယ်တာကို ခရေသိပါစေလို့ ကူပြီး ဆုတောင်းပေးသွားတယ်နော်။

ခင်တဲ့
ဂျင်း

ဓမ္မအလင်္ကာဝတ်ရည် said...

ပန်းလည်းကြွေကျ ခရေလည်းကျ စည်းခြားခဲ့သော် ပန်းပင်ခြားမှာ ခရေအကြောင်း သိကောင်းစေခဲ့။

မိုးစက်အိမ် said...

ခရေကတန်ဖိုးကိုနားလည်သွားလို့ 
ခရေကိုသနားပြီး ချစ်ဖို့ ရည်ရွယ်ပုံက
ခရေသိလို့ သူ့ အတွက်နွမ်းကြွေရမယ်
ဆိုရင်တောင်ရနံ့ ကတော့သင်းပျံ့ နေအုံးမှာပါ
ကဗျာကောင်းလေးပါဘဲအမရေ ခရေသိမှာစေ
နော့်  :) ခင်မင်လျက် . . .

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .