အကြောင်းအမျိုးမျိုးကြောင့် ရေးဖို့နောက်ကျခဲ့ရတဲ့ ကိုဇော်ရဲ့ “အမြင်များ” (တဂ်ပို့စ်)လေးကို ကျမရဲ့ရင်ထဲက မကျေနပ်ခဲ့ရတဲ့ တကယ့်ဖြစ်ရပ် အကြောင်းရင်းလေးတခုနဲ့ပေါင်းပြီး စာဖတ်သူရဲ့အမြင်များနဲ့ ဆွေးနွေးကြရအောင်လား...။
လွန်ခဲ့တဲ့(၁၅)နှစ်တာ ကာလက...အမျိုးသမီးနှစ်ယောက်ရဲ့ ဆန့်ကျင်ဖက် စရိုက်နဲ့ သူတို့ရဲ့ပေးဆပ်ခဲ့ရတဲ့ ဘဝနှင့် ပြန်ရရှိခဲ့တဲ့ “ရလဒ်” များကတော့.....ကျမတို့ရပ်ကွက်ထဲတွင် သိပ်ချော၊သိပ်လှသည့်ဘွဲ့ရပြီးကာစ အသက်(၂၈)နှစ်အရွယ်ရှိ အသွင်၊စရိုက် ကွဲပြားသော အမျိုးသမီးနှစ်ဦးရှိခဲ့ဖူးသည်။(ကာယကံရှင်များ၏ နာမည်ရင်းများကို ဖျောက်ထားပါသည်)။
အမည်က “ခက်ခက်”..။ နာမည်နှင့်လိုက်အောင် မာကျောသည့်စိတ်ဓာတ်၊ ထက်မျက်သည့်အတွေး၊ သွက်လက်ချက်ခြာပြီး စကားပြောကြွယ်ဝသူ၊ မိဘများမှာ ရွှေဆိုင်ပိုင်ရှင်များဖြစ်ပြီး လူပေါင်းဆန့်သူ၊ ခေတ်ဆန်သူ၊။ ရပ်ကွက်ထဲတွင် ယောက်ျားလေးမိတ်ဆွေအပေါင်းအသင်းများ၏ ကားပေါင်းစုံဖြင့် ခြေရှုပ်တတ်၍ ရပ်ကွက်မှ မျက်စောင်းထိုးခြင်းခံရသော်လည်း “ခက်ခက်”မှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ သူမလုပ်ချင်သည်ကို လုပ်သည်၊ ပျော်သလိုနေသည်၊ရည်းစားထည်လဲ တွဲသည်၊ သူမတွဲသမျှရည်းစားများမှာလည်း ကုမ္ပဏီပိုင်ရှင်၊ ဆရာဝန်နှင့် အင်ဂျင်နီယာများဖြစ်ကြသည်။“ခက်ခက်”၏ ပုံသဏ္ဍာန်မှာ သရုပ်ဆောင် (မ)တင့်တင့်ထွန်း၏ ပုံစံဖြစ်သည်။
နောက်တစ်ယောက်ကတော့ အလွန်အေးချမ်းသည့် အသွင်သဏ္ဍာန်ရှိပြီး ရှည်လျှားဖြောင့်စင်းသော ဆံကေသာပိုင်ရှင်၊ တရုတ်ပိတ်ဖြင့် ချုပ်လုပ်ထားသော မြန်မာဝတ်စုံ ဝမ်းဆက်လေးများကိုသာ ဝတ်ဆင်လေ့ရှိသူ၊ မိခင်မုဆိုးမကြီးနှင့်အတူ အိမ်တွင် ကုန်စုံဆိုင်လေးတစ်ခုဖွင့်ပြီး သူမ၏ဘဝကို အချိန်ကုန်စေခဲ့သူ၊ ရည်းစားတခါမျှမထားဖူးသူ သူမကို ရပ်ကွက်သားများက “မိန်းမကောင်း”ဟု ချီးကျူးခြင်းကိုခံရသူ..“မဝေ” ပင်ဖြစ်သည်။သူမ၏ ပုံသဏ္ဍန်ကိုမြင်အောင်ပြရသော် အဆိုတော်(မ)မီမီဝင်းဖေ၏ ပုံစံဖြစ်သည်။ “မဝေ”က အနေအထိုင်တည်ငြိမ်အေးဆေးသည်၊ ရပ်ကွက်ထဲမှ “မဝေ”အား ချစ်မြတ်နိုးသော ကာလသားများရှိသော်လည်း အိန္ဒြရေ ရလှသော သူမ၏ အပြုအမူကြောင့် ချစ်စကားပင်မဆိုရဲကြ။ (၂)နှစ်ခန့်ကြာသော်...“မဝေ”မှာ ရပ်ကွက်ထဲသို့လာလည်တတ်သော သင်္ဘောသားတစ်ယောက်နှင့် အိမ်ထောင်ကျသည်။ ပျူပျူငှါငှါနှင့် လူမှုဆက်ဆံရေးပြေပြစ်သော မဝေ၏ အမျိုးသားမှာ ယဉ်ကျေးသိမ်မွေ့သော မဝေနှင့် အလွန်လိုက်ဖက်သည့်အတွက် မိခင်အိုကြီးမှာ သမီးဖြစ်သူ မဝေအတွက် စိတ်အေးရလေသည်။
နှစ်အနည်းငယ်အကြာတွင် “မဝေ”မှာ သားသမီးနှစ်ယောက်ထွန်းကားပြီးသည့်နောက်မှာတော့ အမျိုးသားမှာ အိမ်မကပ်တော့ပဲ အပျော်မယား၊ ဖဲ၊အရက်များစွဲကာ ပျက်စီးလေတော့သည်။ မဝေမှာတော့ သားသမီးနှစ်ယောက်ကို ပြုစုရင်း လင်ယောက်ျား၏ ညှင်းပမ်းနှိပ်စက်မှုများအောက်တွင် မျက်ရည်ပင်လယ်ဝေရသည်။ အိမ်နီးချင်းများနှင့် ရပ်ကွက်မှ ဆိုးသွမ်းနှိပ်ဆက်သော လင်ယောက်ျားအား ကွာရှင်းပြတ်ဆဲရန် “မဝေ”အားတိုက်တွန်းသော်လည်း “မဝေ”မှာ တစ်လင်၊ တစ်မယား စံနစ်ကိုသာကျင့်သုံးချင်ကြောင်းနှင့် သူမ၏ ဘဝပေးကုသိုလ်ဟုသာမှတ်ယူရင်း အိမ်ထောင်သက်တမ်း(၅)နှစ်ခန့်တွင် စိတ်ထောင်းကိုယ်ကြေ၍ နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည်။
“မဝေ”နှင့် ရှေ့ဆင့် နောက်ဆင့် အိမ်ထောင်ကျခဲ့သော “ခက်ခက်”မှာမူဌါနဆိုင်ရာ အရာရှိတစ်ဦးနှင့် အိမ်ထောင်ကျကာ သားတစ်ယောက်ထွန်းကားသည်၊ ယခင်က ရည်းစားထည်လဲတွဲခဲ့သော သူမ၊ ကားတဝီဝီနှင့်ခြေရှုပ်တတ်သော သူမ၊ မိန်းမပျက်တစ်ဦးအဖြစ်ရပ်ကွက်မှ မျက်စောင်းထိုးခံရသူ သူမမှာ ဂုဏ်သရေရှိအသိုင်းအဝိုင်းကြားထဲတွင် ပွဲတက်မယားဖြစ်ခဲ့ရပြီ။ သူမသွားလေရာ နေရာတွင် မျက်နှာပန်းပွင့်ခဲ့ရသည်။ လင်ယောက်ျား၏ ဆွေမျိုး၊မိဘများကလည်း သူမကို ချစ်ခင်ကြသည်။ လင်ယောက်ျားမှာလည်း “ခက်ခက်”အပေါ်သစ္စာရှိစွာ ပေါင်းသင်းသည်မှာ ယခုထိတိုင်ပင်။
လောကကြီးက မတရားတာလား....ကံကြမ္မာက ရက်စက်တာလား....ကျမတွေးကြည့်သော်လည်း အဖြေမရ.....“ခက်ခက်”၏ ဘဝမှာ အပျိုဘဝမှ “စ”၍ အိမ်ထောင်သည် ဘဝရောက်သည်အထိ (နာမည်ပျက်ခဲ့သော်လည်း) သာယာလှပသောဘဝနှင့် ပျော်ရွှင်ခြင်းများကိုပိုင်ဆိုင်ခဲ့ရသည်။
“မဝေ”မှာတော့ အိမ်ထဲမှ အိမ်ပြင်မထွက်၊ ဘိုင်းကောင်း ကျောက်ဖိ ဘဝဖြင့် (နာမည်ကောင်းကို ပိုင်ဆိုင်ရသော်လည်း ) ယောက်ျားရ ကံမကောင်းခြင်းဖြင့်ကြုံကာ နောက်ဆုံး သူမ၏ အသက်ပါ ဆုံးရှုံးခဲ့ရသည်။ အပျိုဘဝတွင်လည်း လွတ်လပ်စွာ ပျော်ရွှင်ခြင်းမရှိပဲ အိမ်အလုပ်များဖြင့်သာ အချိန်ကုန်နေတတ်သော ဖြူစင်လှသည့် သူမ၏ ဘဝကို ကံကြမ္မာက ရက်စက်လွန်းသည်ဟု ကျမမြင်မိသည်။
ဘာကိုမှဂရုမစိုက်ပဲ လုပ်ချင်ရာ လုပ်တတ်သော “ခက်ခက်” ကိုမူ လောကကြီးက မျက်နှာသာပေးသည်၊ အမှန်မှာ “ခက်ခက်” နှင့် “မဝေ”တို့၏ ပေးဆပ်ခဲ့ရသော ဘဝများနှင့် ပြန်ရရှိခဲ့သော “ရလဒ်”များမှာ ပြောင်းပြန်ဖြစ်သင့်သည်မဟုတ်ပါလား.....။ ကျမ၏ အမြင်များ မှားနေသည်လား....။
ဤကဲ့သို့သော မမျှတသည့် ဘဝများစွာ...ဤလောကတွင်ရှိနေပါသေးသည်...။အခြားသော အသွင်အမျိုးမျိုးသော မမျှတမှုများစွာသည်လည်း ဤလောကတွင်ရှိနေပါအုံးမည်....။သိနေ မြင်နေရသော်လည်း ကယ်၍မရသော ၊ ရုန်းထွက်၍ မရသော မမျှတမှုများစွာတွေရဲ့ကြားက ဘဝပေါင်းများစွာသည်လည်း....ကမ္ဘာတည်သ၍ ရှိနေပါအုံးမည်..။
ဤကဲ့သို့သော မမျှတသည့် ဘဝများစွာ...ဤလောကတွင်ရှိနေပါသေးသည်...။အခြားသော အသွင်အမျိုးမျိုးသော မမျှတမှုများစွာသည်လည်း ဤလောကတွင်ရှိနေပါအုံးမည်....။သိနေ မြင်နေရသော်လည်း ကယ်၍မရသော ၊ ရုန်းထွက်၍ မရသော မမျှတမှုများစွာတွေရဲ့ကြားက ဘဝပေါင်းများစွာသည်လည်း....ကမ္ဘာတည်သ၍ ရှိနေပါအုံးမည်..။
ခေတ်ကြီးကိုက ပြောင်းလဲသွားတာလား.....
ဖြူစင်သူတွေနည်းပါးလာပြီး ကောက်ကျစ်စဉ်းလဲသူတွေ ပေါများလာတာ....
တရားမျှတမှုတွေ လျှော့ပါးလာပြီး မတရားမှုတွေများလာတာ....
ရာသီဥတုတွေ ဖောက်ပြန်လာတတ်တာ....
စိတ်ဓာတ်ရေးရာတွေ ယိမ်းယိုင်ယိုယွင်းလာတာ....
အကယ်၍ ကျမတို့နေထိုင်သော ဤကမ္ဘာမြေကြီးအတွင်းမှာ အလင်းပျောက်ကွယ်ပြီး အမှောင်ထုကြီးသာ ဖုံးအုပ်သွားမယ်ဆိုပါလျှင်......
အကယ်၍ ကျမတို့နေထိုင်သော ဤကမ္ဘာမြေကြီးအတွင်းမှာ အလင်းပျောက်ကွယ်ပြီး အမှောင်ထုကြီးသာ ဖုံးအုပ်သွားမယ်ဆိုပါလျှင်......
ကျမ၏စိုးရိမ်မှုများလွန်ကဲခြင်းကြောင့် ကျမ၏“အမြင်များ” မှားယွင်းခြင်းသာဖြစ်ပါစေဟု အထပ်ထပ်အခါခါ ဆုတောင်းမိပါတော့သည်။
ကိုဇော်ရဲ့“အမြင်များ” (တဂ်ပို့စ်) လေးကို ကျမမြင်ခဲ့သော “ရလဒ်” ဖြင့် ခံစားရင်ဖွင့်လိုက်ရပါသည်။
7 comments:
လောကရဲ့ ဓမ္မတာ ကို အမြင်အနေနှင့် ရေးသွားတာ တော်တော်ကောင်းပါတယ်၊ ကံဥဏ် ဝိရိယ မာန်မာန အကျိုးဆက်တွေပေါ့၊ တစ်လင်တစ်မယား စနစ်ဆိုတာကြီးအောက်မှာ ခံစားနေရတာ မိန်းမတွေမကပါဘူး၊ ယောက်ျားတွေလဲ ပါတယ်၊ စကားမစပ် မတင့် ကတရားလုပ်နေပြီ၊ ပုံသဏ္ဍာန်လို့ ဆိုပေမဲ့ တစ်မျိုးထင်ကြလိမ့်မယ်။
ကိုဏီးပြောတာထောက်ခံပါသည်
ကိုဇော်ပြောတာလေးက လက်တွေ့ကျပါတယ်..။
မိုးငွေ့လဲ အဲဒီလိုမြင်တယ်...။
မေးလ်အသစ်ကို လက်ခံထားလိုက်ပြီနော်..။
ခင်မင်စွာဖြင့်
မိုးငွေ့
မနတ်သမီးရေ..
အဖြစ်အပျက်လေးကဆန်းကျယ်ပါတယ်..။
ဟုတ်တယ်.. သူတို့ရဲ့အတိတ်ကပါလာတဲ့ကံကြောင့်လို့
ယုံကြည်ပါတယ်။ဗုဒ္ဓဘာသာတယောက်ရဲ့အမြင်အရကိုယ်
ပြုခဲ့တဲ့ကံကိုကိုယ်ပဲခံရတာပါ။
မင်္ဂလာရှိသောနှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်....
သဒ္ဓါ
အစ်မအမြင်ကတော့ ခက်ခက်က ရည်းစားတွေထဲက အကောင်းဆုံးကိုရွေးခဲ့တယ်ထင်ရဲ့.... အိမ်ထောင်မပြုခင် လေ့လာပြီးမှ ယုံကြည်ရမဲ့သူကိုရွေးချယ်လက်ထပ်ခဲ့တယ်ထင်ပါတယ်... မဝေကျတော့ ဗဟုသုတနည်းမယ်ထင်တယ် အိမ်ထဲမှာဘဲနေတော့လေ.... လက်မထပ်ခင်လေ့လာဘို့လဲ မစဉ်းစားခဲ့ဘူးထင်ရဲ့.... အဲလိုအမျိုးသမီးတစ်ချို့အစ်မလဲတွေ့ဘူးတယ်... အရမ်းသနားဘို့ကောင်းတယ်...
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ
ပိုပိုပြီး တိုးတက်ကြီးပွားအောင်မြင်ပါစေ
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ
ဆုမွန်ဖြင့်
ချစ်တဲ့
အမေ၇..ကိုဇော်မန့် သွားသလိုဘဲဗျ...
မဝေ က ချစ်တာတစ်ခုတည်းနဲ့ ဆုံးဖြတ်ခဲ့လို့ 
ဖြစ်မယ်..ယောက်ျာ်းတွေအကြောင်းကိုသူဘာမှမသိဘူးလေ...ရိုးလည်းရိုးသားတော့ လူရွေးမှားးသွားတာဖြစ်မှာပါ..ခက်ခက်ကတော့
ယောက်ျားတွေအကြောင်းသူကောင်းကောင်းနားလည်တော့ သူ့ ဘ၀အတွက်ဘယ်ယောက်ျားကိုရွေးချယ်၇မလည်းဆိုတာ သူ နားလည်သွားလို့ ပါ...
ဆ၇ာအတ္တကျော် ၇ဲ့ စာတစ်ပုဒ်မှာဖတ်ဖူးတယ်..
ငယ်ငယ်ကရည်းစားများတယ်ဆိုတဲ့ မိန်းကလေးတွေအိမ်ထောင်ကျ၇င် ယောက်ျားကောင်းကောင်း၇တယ်ဆိုတာဖတ်ဖူးတယ်ဗျ.....အကုန်လုံးကိုတော့မဆိုလိုပါဘူးနော်....အဲဒါကြောင့်မလို့  ရည်းစားများများထားကြည့်ပါလို့ လည်းဆိုလိုတာမဟုတ်ပါဘုး...မယူခင်ယောက်ျားဆိုတာဘာလည်းဆိုတာသေချာလေ့လာပြီးမှယူတာကောင်းပါတယ်ဗျာ...ကျွန်တော့်အမြင်မှာားနေခဲ့ တယ်ဆို၇င်လည်းတောင်းပန်ပါတယ်...အဓိကကတော့မဝေလို အိမ်ထောင်ေ၇းကံဆိုးတဲ့ မြန်မာအမျိုးသမီးကောင်းလေးတွေမဖြစ်ကြစေချင်လို့ ပါ
လေးစားစွာဖြင့်
ရွှေနတ်သား
Post a Comment