Friday, March 12, 2010

လောကကြီးသို့ အိတ်ဖွင့်ပေးစာတစ်စောင်


လောကကြီးရေ...
ဘာကြောင့်များ ကျမကို ပျော်ရွှင်မှုတွေနဲ့ ဝေးအောင် ဖန်တီးနေရတာလဲ...။
ရက်စက်တဲ့ ကံကြမ္မာတွေဟာ ကျမဆီကိုပဲ အဆက်မပြတ် ရောက်လာတတ်တာ ဘာကြောင့်လဲ...။ ပျော်ရွှင်ခြင်းဆိုတဲ့ အရာဟာ ကျမရဲ့ဆန့်ကျင်ဘက်မှာ အမြဲရှိနေခဲ့တယ်..။
နာကျင်ခြင်းတွေနဲ့ မျက်ရည်စက်တွေကတော့ ကျမရဲ့အနားမှာ အမြဲရှိနေတတ်သူများမို့ ကျမရဲ့ထာဝရအဖော်တွေပဲပေါ့...။

လောကကြီးရေ....

တခါတလေတော့လည်း ကျမအတွက် ပျော်ရွှင်မှုမိုးရည်တွေကို ရွာချပေးလိုက်ပါလား..။ အဲဒီပျော်ရွှင်မှုတွေကို ကျမရဲ့ဘဝမှာ တကြိမ်တခါလောက်တော့ ခံစားကြည့်ချင်လို့ပါ...။ မိဘမရှိ၊ မောင်နှမမရှိတဲ့ တကောင်ကြွက်ဘဝမှာ ကျမတယောက်ထဲ ခံစားချက်ကဗျာနဲ့ စာတွေကိုအဖော်ပြုရင်း မိတ်ဆွေ၊ သူငယ်ချင်းတို့ရဲ့ ဖြူစင်တဲ့ အကြင်နာတွေကို ရယူပြီး အသက်ဆက် ရှင်နေရသူ ကျမကို တချက်လေးတော့ ညှာတာပေးကြည့်ပါလား...။

လောကကြီးရေ...

အခုလဲ မိန်းခလေးတယောက်ရဲ့ အရှက်နဲ့ သိက္ခာကို လဲပြိုကျစေဖို့ လူသားတယောက်ကို ရှင်လွှတ်လိုက်ပြန်ပြီနော်...။ အဲဒီလူဟာ ဘယ်သူဆိုတာကို ကျမ မသိရပေမယ့် ကျမရဲ့ အရှက်နဲ့ သိက္ခာကို “သူ”ရက်ရက်စက်စက်ကြီးကို တိုက်ခိုက်ဖျက်ဆီးပြစ်နေပြန်ပါပြီ၊ အဲဒီလူဟာ ကျမနဲ့ ဘာရန်ညှိုးမှ မရှိပါပဲနဲ့ ကျမရဲ့အမည်ကိုသုံးပြီး မောင်နှမသားချင်း ဖတ်လို့မှ မသင့်တော်တဲ့ စကားလုံးတွေနဲ့ တခြားသူတွေရဲ့ C- Box တွေမှာ လိုက်ရေးနေတာကို ကျမဘက်က ဥပေက္ကာပြုထားနိုင်ခဲ့ပေမယ့် ကျမရဲ့ဓာတ်ပုံတွေကို မိန်းခလေးများကြည့်ရန်မသင့်တော်တဲ့ ဆိုဒ်တခုမှာ တင်ထားခိုင်းတဲ့အထိ ရက်ရက်စက်စက် စော်ကားလိုက်တာကတော့ ကျမရဲ့ဘဝကို သတ်လိုက်သလိုပါပဲ..။ လူတယောက်ဟာ အသက်သေသွားတာထက် ဘဝသေသွားတာဟာ ပိုဆိုးပါတယ်..။ မိန်းမတယောက်မှာ နာမည်၊ အရှက် နဲ့ သိက္ခာဟာ အရေးကြီးဆုံးမို့ ကျမအတွက်တော့ ဒီတကြိမ်ထဲနဲ့တင် တော်တော်လေးကို နစ်နာသွားခဲ့ရပါပြီ...။

လောကကြီးရေ....

ဘဝမှာ ကျမဘက်က ပေးဆပ်စရာ ဝဋ်ကြွေးတွေ ကျန်ရှိနေသေးတယ်ဆိုရင်လည်း ဒီဘဝမှာ ကျမအကြေပေးဆပ်သွားမှာပါ..။ ကျမဆုတောင်းပါတယ်....
ကျမစိတ်ဆင်းရဲမှ....၊ကျမကြေကွဲ ငိုကြွေးမှ...၊ ကျမရဲ့အရှက်နဲ့ သိက္ခာတွေ ကျရှုံးမှ ..၊ ကျမရဲ့ဘဝ ပျက်စီးသွားမှ ..၊ လောကကြီး ကျေနပ်နိုင်မယ်၊ ပျော်မယ်ဆိုရင် ကျမကို အနိုင်ယူလိုက်ပါတော့..။ ကျမဘဝမှာ တင်ကျန်နေတဲ့ ဝဋ်ကြွေးတွေကို နောင်သံသရာအထိ ယူဆောင်မသွားချင်လို့ပါ..။

လောကကြီးရေ....

အဖော်မဲ့ခဲ့ရတဲ့ ကျမဘဝမှာ တွေ့တဲ့သူနဲ့ တဲ့အောင်ပေါင်းရင်း..၊ ဘလော့ဂါမောင်နှမတွေရဲ့မေတ္တာတွေနဲ့ အသက်ဆက်ရှင်သန်ရင်း ကျမဘယ်သွားသွား တွေ့ခဲ့သမျှ..သိခဲ့သမျှ ဗဟုသုတလေးတွေနဲ့ အတွေ့အကြုံလေးတွေကို ဓာတ်ပုံလေးတွေနဲ့တကွ ဖော်ပြရင်း နဲ့ ဘလော့ဂါ မောင်နှမတွေနဲ့ အတူရှိနေသလို ခံစားရယုံလေးနဲ့တင် ကြည်နူးကျေနပ်ခဲ့ရသူပါ..။ ကျမရဲ့ဓာတ်ပုံလေးတွေကို သူငယ်ချင်းတွေက “လှလိုက်တာ”..လို့အပြောခံရတိုင်းလည်း ဝမ်းသာပီတိဖြစ်ခဲ့ရသူပါ..။ ကျမရဲ့ ဘလော့စာမျက်နှာရဲ့ ဆိုဒ်ဘားလေးမှာ ရေးခဲ့တဲ့ ဒီစာသားလေးကို ကြည့်မိတိုင်း မျက်ရည်ဝဲတတ်နေပြီ...

“ ကျွန်မရဲ့ စိတ်ကူးယဉ်ပြတိုက်လေး

လက်ရှိအခြေအနေက ရုန်းကန်နေရတဲ့ကျွန်မဘဝအတွက် စိတ်ထဲမှာမွန်းကြပ်လာရင် စာရွက်ဖြူဖြူလေးပေါ်မှာ ခံစားချက်တွေ ချရေးတတ်ခဲ့တယ် ။မတောက်တခေါက် ပညာလေးနဲ့ ကဗျာလေးတွေရေးခဲ့ဖူးပါတယ် ။ ဘယ်သွားသွား ကျွန်မနဲ့ အတူရှိနေတာကတော့ကျွန်မရဲ့ အဖော် ကင်မရာလေးတစ်လုံးပါပဲ ။တွေ့တဲ့နေရာမှာ ဓါတ်ပုံရိုက်တတ်တဲ့ အကျင့်လေးနဲ့ ကျွန်မရဲ့ စိတ်ကူးယဉ် ခံစားချက် ပြတိုက်လေးကို ဓါတ်ပုံလေးများနဲ့အလှဆင်ထားတာ စာဖတ်သူများ နားလည်ပေးစေချင်ပါတယ် ။ လာလည်သူ အားလုံးကိုလည်း နွေးထွေးစွာဖြင့်“ အဖြူရောင်နတ်သမီး ” မှ ကြိုဆိုနေပါတယ်ရှင် ။ ”

အခုတော့ အဲဒီဓာတ်ပုံလေးတွေကိုတောင် တင်ခွင့်မပေးတော့တဲ့ ကံကြမ္မာကို ကျမ အပြစ်မတင်တော့ပါဘူး..။ ဒီနေ့ ဒီအချိန်က “စ”ပြီး ကျမရေးမယ့် ခံစားချက် ကဗျာနဲ့ စာတွေမှာ ကျမရဲ့ဓာတ်ပုံလေးတွေကို မမြင်တွေ့စေရတော့ပါဘူး..။ ရှိပြီးသား ဓာတ်ပုံလေးတွေကိုလည်း ရင်နာနာနဲ့ပဲ ကျမဖြုတ်ပစ်လိုက်ပါပြီ..။ လောကကြီး ကျေနပ်လိုက်ပါတော့နော်...။

လောကကြီးရေ...

ဘဝမှာ မိသားစု မေတ္တာငတ်ခဲ့ရတဲ့ ကျမအတွက် ခါးသီးခြင်းဆိုတာ အစာအဟာရလို့မှတ်ယူရင်း ကျမကို ချစ်သောသူများ၊ မုန်းသောသူများအားလုံးကို အမုန်းမဖက် အပြုံးသက်သက်နဲ့ ရင်ထဲက မွန်းကြပ်မှုတွေကို ကဗျာအဖြစ်၊ စာအဖြစ်ပြောင်းလဲရင်း ကျမဘဝမှာ တွေ့ကြုံခဲ့ရတဲ့ ဗဟုသုတတချို့ကို ကျမသိသလောက် ဆက်လက်မျှဝေသွားမှာပါ..။ ကျမကို နာကျင်စေတဲ့သူတွေကိုလည်း ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေလို့ မေတ္တာရပ်ခံလိုက်ပါရစေ...။
အရင်ဘဝက သူတပါးအပေါ်မှာ ကျမ မဖြူစင်ခဲ့လို့ ဒီဘဝမှာ မဖြူစင်တဲ့သူတွေရဲ့ နာမည်ဖျက်မှုကို ခံခဲ့ရတယ်...လို့ပဲမှတ်ပါတယ်..။
ကျမရဲ့ဓာတ်ပုံတွေကို ကျမရဲ့ခွင့်ပြုချက်မယူပဲ ကူးယူပြီး တခြားဆိုဒ်မှာ တင်ထားတာကို တွေ့ခဲ့ရင်လည်း စာဖတ်သူများအနေဖြင့် ကျမကို ချက်ချင်းအကြောင်းကြားပေးခြင်းဖြင့် ကူညီပေးစေလိုပါတယ်ရှင်...။
ယခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မှာလဲ တခြားဆိုဒ်တခုမှာ အတင်ခံခဲ့ရတဲ့ ကျမရဲ့ဓာတ်ပုံတွေကို ပြန်ဖြုတ်ပေးဖို့ ဆိုဒ်ပိုင်ရှင်ကို မေတ္တာရပ်ခံပေးခဲ့ကြသော ကျမ၏ ချစ်သူနှင့် ဘလော့ဂါ သူငယ်ချင်းများ၊ ဓာတ်ပုံများကို အေးချမ်း နားလည်စွာ ပြန်လည်ဖြုတ်ပေးခဲ့သော ဆိုဒ်ပိုင်ရှင် တို့အားလုံးကို ကျမက ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားရင်း .........

လောကကြီးရေ....

ကျမရဲ့ နာကျင်ခြင်း မျက်ရည်တွေကြားမှာ
သင်...ပြုံးနိုင်ပါစေ....
သင့်ရဲ့အပြုံးတွေကို ကျမမြင်တွေ့ရတဲ့အခါ
ကျမပေးဆပ်လိုက်ရတဲ့ အရှုံးတွေထဲက
အမြတ်တခုကို ကျမရယူချင်လို့ပါ....။

24 comments:

သော်ဇင်စိုး said...

အမရေ... နိဗ္ဗာန်ရောက်အောင်ပဲ အားထုတ်ပါတော့ဗျာ..:P

မနောဖြူ said...

အစ်မရေ ကြားရတဲ.သတင်းအတွက် စိတ်မကောင်းပါဘူးရှင်။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်မကျပါနဲ.
အစ်မရယ်။ ညီမက အစ်မကို ခင်မင်သူတစ်ယောက်အဖြစ်နဲ. အစ်မဘေးမှာရှိနေမှာပါ။
ပျော်ရွှင်ချမ်းမြေ.ပါစေရှင်။

JP said...

သူငယ်ချင်းရေ
လဲကျရင် ပြန်ထရမှာပေါ့
တို့သူငယ်ချင်းတွေအများကြီးရှိတာပဲ ဘာမှမပူနဲ
အားလည်းမငယ်နဲ

Anonymous said...

လောကကြီးမှာအသက်တစ်ရာမနေရအမှု့တစ်ရာ
ရင်ဆိုင်ရဆိုတဲ့စာလိုပါဘဲလားဗျာ
စိတ်မကောင်းဖြစ်မိပါတယ်ဗျာ..ဒီလိုကြားရတော့
:(
ပဲပုတ်

Angel Shaper said...

ချစ်မရေ..........
အများကြီး မပြောတတ်ဘူး။
လေကြောင့် ဘယ်သစ်ပင်မှ ရွေ့မသွားဘူးတဲ့။
မရဲ့ဘေးမှာ သမီးတို့ရော၊ ဘလော့ပေါ်က မောင်နှမတွေ အများကြီးရှိတာပဲလေ။ ဘာမှအားမငယ်နဲ့။ စိတ်မကောင်းလဲမဖြစ်ပါနဲ့နော်။ တန်မှမတန်တာ။
ချစ်မ အဆင်ပြေပျော်ရွှင်ပါစေ။
ဖိုက်တင်းးးးးးးးးးးးးးနော် မ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ပျော်ရွှင်မှုအပေါင်းနဲ့ အစဉ်ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်ကွယ်...
ဘလော့ဂ်ဂါ မောင်နှမ အရင်းချင်းမို့ စိတ်အားမငယ်ပါနဲ့လို့ အားပေးပါရစေ...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

သဒ္ဓါလှိုင်း said...

မနတ်သမီးရဲ့စာလေးကိုဖတ်ပြီးစိတ်မကောင်းဖြစ်လိုက်ရတာ။
ဘာပဲဖြစ်ဖြစ်မနတ်သမီးရဲ့ဘေးမှာစာပေမိတ်ဆွေ
တွေရှိပါတယ်။သဒ္ဓါလည်းမမြင်ရတဲ့ခင်မင်မှုတွေနဲ့ချစ်ခင်နေ
မှာပါ။

ခင်တဲ့
သဒ္ဓါ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဟူးးး အစ်မရေ.... သတ္တိခဲတွေကိုခွင့်လွှတ်လိုက်ပါဗျာ ဒါမျိုးလုပ်မှ စိတ်ချမ်းသာနိုင်တယ်ထင်ပါရဲ့
အစ်မပျော်ရွှင်ပါစေဗျာ

mosquito said...

ညီမလေးရေ.. လောကကြီးမှာ လူကလဲ လူ အလုပ်လုပ်သလို မာန်နတ်ကလဲ မာန်နတ် အလုပ်လုပ်မှာမို့လို့ ...သူ့လုပ်သူလုပ်တယ် လို့မှတ်ထားလိုက်ရင် ညီမလေး ဖြေသာ မှာပါနော်... မုန်းသူတယောက်ရှိပေမယ့် ချစ်သူတွေ သန်းနဲ့ ချီရှိနိုင်ပါသေးတယ်.. ညီမလေးအကြောင်း သိတဲ့သူတွေက ညီမလေး ရဲ့ ဂူဏ်သိက်ခါကို သိတဲ့သူတွေ အတွက်... သူတို့ ရဲ့ အညှိုးပဲဆိုတာ သိသာပါတယ်... ဘာလို့ ညီမလေးကိုမှ တိုက်ခိုက်ကြတာ လဲဆိုတော့... အလွယ်တကူ ရရှိလာမယ့် အပျော်တွေဟာ လူတဘက်သားရဲ့ဝမ်းနည်းငိုကြွေးမှုနဲ့ တန်ဘိုးသာတူညီမျှပဲလို့ ယူဆနေကြလို့ဟယ်.... ညီမလေး ဘက်က အနေထိုင်သန့်ရှင်းတဲ့ အတွက် ဓါတ်ပုံလေးတွေ ဆက်တင်ပါနော်....

အလှအပ ပသာဓလဲဖြစ်တဲ့ အပြင်... ဗဟုသုတလဲရတယ်လေ...

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ.. စိတ်မကောင်းဖြစ်ရပါတယ် ဆိုတဲ့ စကားထက် ပိုပြီး လေးလေးနက်နက် အားပေးချင်ပါတယ်။ မတော်တဆပဲ ဖြစ်ဖြစ် တမင်တကာ ဖန်တီးတာပဲ ဖြစ်ဖြစ် မဖြင့်သင့်တဲ့ ကိစ္စတခုဆိုတာ အားလုံးက နားလည်ပေးနေပါတယ်။ ဘလော့ကာ မောင်နှမတွေ အားလုံးကလည်း နမ်းကို နားလည်ပါတယ်။ ဘ၀မှာ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါဘူး သူငယ်ချင်းရယ် ... မမြင်ရတဲ့ သံယောစဉ်နဲ့ ခင်မင်နေကြတဲ့ သူတွေ အများကြီး နမ်းရဲ့ အနားမှာ ရှိနေကြပါတယ်။ မျက်ရည်မကျနဲ့တော့နော်...။

ချစ်တဲ့
နွယ်

အဖြူရောင်နတ်သမီး said...

သူငယ်ချင်းတို့အားလုံးကို အရမ်းပဲကျေးဇူးတင်ပါတယ်...
အားလည်းတက်ရပါတယ်...။
စိတ်မကောင်းဖြစ်နေသေးတာရယ်၊ ရှက်နေသေးတာရယ်ကြောင့် သူငယ်ချင်းတို့ဆီကို လာမလည်ဖြစ်သေးတာကို နားလည်ပေးစေချင်ပါတယ်..။ အားလုံးကို သတိရနေပါတယ်....။
xxxxxxxxxxxxxxxxxxxxxxxxx

မိုးငွေ့...... said...

ညီမခံစားချက်ကို အမလုံးဝနာလည်နိုင်တယ်..။ ခံစားချက်တိုင်းကို စာရွက်ပေါ်ဖွင့်ဟတတ်ကြပုံချင်းတူကြလို့ပါ..။
ဘာပဲဖြစ်ဖြစ် ဘလောဂ်မောင်နှမတွေကနွေးထွေးစွာနဲ့ နှစ်သိမ့်နေကြပါတယ်...။ အရင်လိုပဲ တို့ညီအမတွေ ပျော်ပျော်ရွှင်ရွှင်ပေါ့နော့..။ အိမ်လာလည်ဦး မုန့်တွေဝယ်ထားတယ်...။ ရန်ကုန်ပြန်အလာကိုလဲ မျှော်နေမယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

ဝေလင်း ( Вэй Линн) said...

i am very sorry for u , Ma.

sosegado said...

လောကကြီး နဲ့တော့ မချီလိုက်ပါနဲ့ နတ်သမီးရေ၊
အလွဲသုံးစားမူ့ ဆိုတာ နေရာတိုင်းမှာရှိပါတယ်၊
စိတ်မကောင်း ဖြစ်မိတယ်၊
ပျော်ရွှင်အေးချမ်းစွာ ကိုယ်လုပ်ချင်တာ လုပ်နိုင်ပါစေ၊
ဘလော့ပေါ်က မောင်နှမတွေ အများကြီး နှင့် ချစ်သူလဲရှိသားပဲ။

PhyoPhyo said...

ဖတ်လိုက်ရတာ စိတ်တောင်မကောင်းဘူး၊ ဓါတ်ပုံလေးတွေလှလွန်းလို့ လာလာကြည့်နေတာ၊ စာတွေလဲ ဗဟုသုတရလို့ အမြဲလာဖတ်ဖြစ်တယ်၊
ဟုတ်တယ် မကောင်းမှုက နေရာတိုင်းမှာရှိနေတာပါ၊
ပျော်ရွှင်ချမ်းမြေ့ပါစေ .. စာတွေအများကြီးရေးနိုင်ပါစေ
God bless you

Flower said...

ညီမလေး
မနေ့က ပိုစ့်တင်တင်ချင်း အစ်မ လာဖတ်သွားတယ် .. စိတ်မကောင်းဖြစ်လွန်းလို့ ဘယ်လိုနှစ်သိမ့်ပေးရမှန်းတောင် မသိဘူးဖြစ်သွားတယ်
ထပ်တူထပ်မျှ ကိုယ်ချင်းစာမိပါတယ်..
ညီမလေးနေရာမှာ အစ်မသာဆိုရင်လဲ တော်တော်ကိုခံစားရမှာ နားလည်ပေးနိုင်တယ်..
ဒါပေမဲ့ စိတ်ဓာတ်မကျနဲ့နော်.. ညီမလေးအနေအထိုင် အကျင့်စရိုက်အားလုံးက သိနေပြီးမှဘဲလေ..
ကိုယ်မလုပ်တဲ့ ကိစ္စအတွက်လဲ ရှက်မနေနဲ့တော့နော်..
ပြီးတော့ ညီမလေးကို အစ်မက ရင်ထဲက အတွေးစများ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ Tag ထားတယ်..
ညီမအချိန်ရတဲ့အခါ ရင်ထဲမှာ ရှိသမျှတွေ ဖွင့်ထုတ်ပြီး ရေးလိုက်နော်.. ဘယ်လိုအကြောင်းအရာဘဲဖြစ်ဖြစ် ပေါ့..
အားမငယ်နဲ့.. ဘ၀ဆိုတာ အတိုက်အခိုက်ကို ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မှ အောင်မြင်မှာ..

ချစ်တဲ့
မချော

moe said...

ဘယ်အရာကိုမှ အမြဲတမ်း သိမ်းပိုက်မထားပါနဲ့..
အရာ အားလုံးကို လွှတ်ချထားလိုက်ပါ...
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း အားလုံးကို လွှတ်ချထားလိုက်ပါ
နတ်သမီး ပေါ့ပါးသွားလိမ့်မယ်
မနက်ဖြန်တိုင်းမှာ ကံကောင်းပါစေ

Anonymous said...

နတ်သာမီးရေ......
ကိုဏီထပ်လာကြည့်တယ်.......။
ပျော်အောင်နေဦး..........း))
ခင်မင်တဲ့
ဏီလင်းညို

:P said...

အဖြူရောင်နတ်သမီးရေ..
အရင်မတည်းက ပုံတွေအမြဲလာကြည့်ဖြစ်ပါတယ်။
စိတ်မညစ်နဲ့ ၊ အားတင်းထားပါ။

mosquito said...

နှပ်သမီးရေ.... နှပ်တွေမသုပ်သေးဘူးလား... နှပ်သမီးလို့ ပြောင်းခေါ်လိုက်မှာနော.... ဟွင်း.... ဟွိန်းဟွမ်း..... တော်တော့ နိုနဲ့ ထတော့.....

Sar Chit Thu (Canada) said...

Hi,

I usually come to see your blog and photoes. I think you should not care anyone since you have your own idea and philosophy to show the photoes. Dont give up. Keep your chin up.

Thanks for the post.

9-9 said...

မနတ်သမီးရေ
လူတယောက်အတွက်နဲ့ မလဲသွားပါနဲ့ နော်
နတ်သမီး နှစ်ခါရှုံးတာပေါ့
ဘာမှလဲ ရှက်စရာမလိုဘူး
ရဲရဲနေပြီး အရင်လိုစာတွေပြန်ရေးပါ
မမြင်ဖူးပေမယ့် အစ်မလိုခင်တယ်
ဘာမှမစိုးရိမ်နဲ့ နော်

မိုးစက်အိမ် said...

မစိုးရိမ်ပါနဲ့ ဗျာ အားပေးကူညီဖေးမဲ့သူငယ်ချင်းမိတ်ဆွေ
တွေရှိနေပါတယ် နောက်ပြီးအမကိုယ်ရံတော်တပ်မှုးလေး
လည်းရှိတာဘဲလေ ...Carry On ပါအစ်မရေ...

Anonymous said...

Angel , Pls don't give up.

CTM

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .