Sunday, March 7, 2010

မီးဖိုချောင်...“လက်”

သူများတွေ " အမေ" အကြောင်းရေးကြတယ်...ကျမရေးချင်တဲ့ ကျမရဲ့မေမေအကြောင်းကတော့....ကျမငယ်ငယ်တုန်းက ကျောင်းကသူငယ်ချင်းတွေ ကျမကိုခေါ်တဲ့အမည်တစ်ခုရှိတယ်..၊
"မီးဖိုချောင်လက်"တဲ့...၊ကျမလက်ကနေ ကြက်သွန်နံ့ အမြဲရနေလို့ တဲ့လေ..းးး)))

ကျမက တစ်ဦးတည်းသောသမီးဆိုတော့ မေမေ့ကိုအမြဲကူညီရပါတယ်..၊
အိမ်မှာ ဖေဖေရယ်..မေမေရယ်..ကျမရယ်..၃ယောက်ထဲပေါ့..။ဖေဖေက မြန်မာ့မီးရထားရုံးအုပ်ကြီးပါ..၊ မေမေကတော့ အိမ်ထောင်မှုအလွန်နိုင်နင်းတဲ့ အိမ်ရှင်မကောင်းကြီးပေါ့..။ ကျမရဲ့စံပြမေမေ ဆိုလဲ မမှားပါဘူး..။
ကျမအသက် ၉/၁၀နှစ် အရွယ်ကတည်းက စပြီးမီးဖိုချောင်ကို မေမေနဲ့အတူ ဝင်ခဲ့ရပါတယ်။
မိုးလင်းလို့မေမေဈေးသွားခါနီးမှာ ကျမကိုအရင်နှိုးပြီး ဈေးမှမပြန်လာခင် လုပ်ထားရမယ့်အလုပ်တွေကိုမှာပြီးမှ မေမေ ဈေးသွားပါတယ်..၊ကျမလုပ်ရမယ့် အလုပ်တွေကတော့..မိသားစု၃ယောက်သောက်ရန် ကော်ဖီ၊ ကြက်သွန်ဖြူ/နီ နှင့် ဂျင်း ခွာပြီးထောင်းထားရန်..(ကြက်သွန်ဖြူ/နီ မခွာခင်ရွေးရမှာကတော့ ကြာရှည်မခံ တော့မယ့် ကြက်သွန်များကို အရင်ရွေး၍သုံးရန်..။

ထောင်းလျှင်လဲ ကြက်သွန်ဖြူ-ကြက်သွန်နီ-ဂျင်း အစဉ်လိုက်ထောင်းပြီး တစ်ပုံစီပုံထားရန်..၊၃မျိုးစလုံးရော၍ မထောင်းရခြင်း အကြောင်းကတော့ (ကန်ဇွန်းရွက်ကြော်ရန် ကြက်သွန်ဖြူ တစ်မျိုးတည်းကိုပဲ သုံးပါတယ်/ပုဇွန်ဟင်းများချက်ခဲ့လျှင် ကြက်သွန်ဖြူ/နီ နှစ်မျိုးကိုပဲ သုံးပါတယ်../ကြက်သားဟင်းနဲ့ငါးဟင်းများချက်ခဲ့လျှင်တော့ ၃မျိုးလုံးကိုသုံးပါတယ်)...အဲဒီတော့ ဘာဟင်းပဲချက်ချက် အဆင်ပြေစေရန် ကြက်သွန်ဖြူ/နီ နှင့်ဂျင်းကိုခွဲထောင်းရခြင်းဖြစ်ပါတယ်။

အဲဒါတွေပြီးလျှင်ဆက်လုပ်ရမှာကတော့ မီးမွှေး ၊ဆန်ဆေးပြီး ထမင်းအိုးတည်ထားချိန်တွင် ဘုရားစင်သန့်ရှင်းခြင်းနှင့် အိမ်ရှေ့တံမျက်စည်းလှည်းရန် ဖြစ်ပါတယ်။
ထမင်းအိုးဝေခါနီးမှာမေမေ ဈေးမှပြန်ရောက်ချိန်နှင့်ကိုက်ညီရန် မေမေစံနစ်တကျစီမံထားခြင်းဖြစ်ပါတယ်...။
အကြောင်းပြချက်ကတော့ "မေမေ့သမီးလေး ထမင်းရည်ပူလောင်မှာစိုးလို့ မေမေကိုယ်တိုင်ငှဲ့နိုင်အောင်လို့ပါ"...တဲ့လေ။

ထမင်းကျက်ချိန်လောက်မှာဖေဖေအိပ်ယာကနိုးပါတယ်။
ကျမတို့မိသားစု ဘုရားအား ဆွမ်းထမင်းကပ် အပြီးတွင် မိသားစု၃ယောက် ကော်ဖီသောက်ပါတယ်၊ ဖေဖေသတင်းစာဖတ်ချိန်မှာတော့ မေမေနှင့်ကျမ မီးဖိုချောင်သို့ပြန်ဝင်ခဲ့ပါတယ်..။
ကျမအမုန်းဆုံးအလုပ်ကတော့ ပဲပင်ပေါက်အမှီးဖြတ်ခြင်း အလုပ်ပါပဲ။
အချိန်ကြာတဲ့အပြင် ခါးလည်းညောင်းပါသေးတယ်၊ ပဲပင်ပေါက်အမှီးဖြတ်ပြီးချိန်မှာ အသားဟင်းအတွက်ဟင်းဆပ်နည်းကိုမေမေ ဘေးမှပြောသည့်အတိုင်း ဆပ်ပြီး (အသားထဲသို့အရသာဝင်စေရန်)နယ်ရပါတယ်။

ဟင်းကျက်ခါနီး အသားနူး/မနူးစစ်ခြင်း..၊အရောင်..အနံ့..အရသာ..စစ်နည်းများကိုလည်း ကျမတတ်ကြွမ်းခဲ့ရပါတယ်..။

ကျမအချက်အများဆုံးဟင်းများကတော့....ကြက်သား/ပုဇွန်/ဘဲဥ ဆီပြန်ဟင်းများ..ငါးခြောက်အစပ်ကြော်..ပဲနီလေးဟင်းရည်..ကန်ဇွန်း၇ွက်/မုန်လာဥ/ကင်ပွန်းချဉ်/ချဉ်ပေါင်နှင့်မြှစ်..ချဉ်ရည်ဟင်း....သီးစုံကုလားဟင်း...ငါးပိရည်နှင့်တို့စရာ ကတော့အမြဲတန်းလိုလိုပါပဲ....။
မီးဖိုချောင်ကိစ္စများပြီးလို့ ကျမရေချိုးပြီး ကျောင်းသွားရန် ပြင်ဆင်နေစဉ်မှာ မေမေက ရုံးသွားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ဖေဖေနှင့်ကျမအတွက် ထမင်းဘူးထည့်ပေးထားပါတယ်။

ကျောင်းရောက်လို့ ကျမလွယ်အိတ်ချလိုက်စဉ်မှာပဲ သူငယ်ချင်းများလက်ထဲသို့ ကျမ၏ထမင်းဘူးလေး ပါသွားတာကိုကြည့်ရင်းကျမအားဟင်းချက် တတ်အောင်သင်ပေးခဲ့သော..မေမေ၊ ဟင်းချက်အလွန်ကောင်းပြီး အိမ်ထောင်ရှင်မ ပီသသောမေမေ၊ ကျမအား အိမ်ထောင့်တာဝန်ကို အကွက်ကျကျ (အချိန်မလစ်ဟင်းစေရအောင်) ထိမ်းသိမ်းပုံကို ရှေ့ဆောင်လမ်းပြပေးခဲ့သော မေမေ့အားကျေးဇူးတင်ရင်း....)

ယနေ့တွင် ကျရောက်သော World Women's Day တွင် မေမေ့အား ဂုဏ်ပြုလိုက်ရပါသည်။
[၁၁.၄.၁၉၉၉နေ့တွင် ကွယ်လွန်သွားခဲ့သော ကျေးဇူးရှင် ချစ်မေမေအားရှိခိုးကန်တော့ရင်း..........VZO Blog တွင် ၂၀၀၉ ဧပြီလက ရေးခဲ့သော ဤ post လေးအား အမှတ်တရ အဖြစ် ပြန်လည်တင်ပြလိုက်ပါသည်။]


14 comments:

ဒဏ္ဍာရီ said...

မိန်းမပီသတဲ့ မိခင်တယောက်က မွေးဖွားလာတဲ့ နမ်းတယောက်လည်း တနေ့မှာ မိခင်ကောင်း တယောက် ပီသမယ်ဆိုတာ ယုံကြည့်ပါတယ် သူငယ်ချင်းရယ်။

ခင်မင်လေးစားလျှက်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

မိခင် ဖခင် တို့ရဲ့ ဆုံးမသြ၀ါဒတွေနဲ့ ကြီးပြင်းခဲ့ရပြီး မိခင် ဖခင် တို့ရဲ့ ကျေးဇူးအနန္တကို သိတတ် မြင်တတ် ခံစားတတ်တဲ့ သမီးမို့.... မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

စန္ဒကူး said...

နတ်သမီးကလေး သေးသေးလေးက ချစ်ချာလေး... အသည်းယားလိုက်တာ..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

မိဘကျေးဇူးသိတတ်တဲ့ သမီးအလိမ္မာလေးဖြစ်ပါစေဗျား)

mosquito said...

ညီမရေ.... မေမေ့ အထုတ်ကြီးက ကြီးလှချီလား...

ရွှေရတုမှတ်တမ်း said...

နတ်သမီးအကြီးနဲ့အသေးလေးက တူတယ်နော်..
နတ်သုဒ္ဓါတော့ အလည်လာပြီးစားဦးမယ်

သဒ္ဓါလှိုင်း said...

သတိရစရာဖြစ်သွားပြန်ပါပြီမနတ်သမီးရေ..။ သားအမိနှစ်ယောက်ပုံက အသည်းယားစရာလေးပါလား..


ခင်တဲ့
သဒ္ဓါ

Flower said...

ကြည့်ရတာ နတ်သမီးက ဟင်းချက်တော်တော်နိုင်နင်းမဲ့ပုံရတယ်..
မောင်တစ်ယောက်ကံကောင်းပြီပေါ့နော်..
ရေးထားတဲ့ ကန်ဇွန်း၇ွက်/မုန်လာဥ/ကင်ပွန်းချဉ်/ချဉ်ပေါင်နှင့်မြှစ်.. တွေဖတ်ပြီး သွားရေတောင် ကျချင်လာတယ်..
တကယ်ဘဲ.. အထူးသဖြင့် ချဉ်ပေါင်နဲ့မျှစ် အဲဒါကို
အစားချင်ဆုံးဘဲ..
ကြုံမှဘဲ နတ်သမီးအိမ်ဧည့်သည်လာလုပ်တော့မယ်..
မောင်နဲ့၂ယောက်ကမ္ဘာဖြစ်တဲ့အခါ ဖိတ်လိုက်နော်..

ကိုအောင် said...

ကြိုတွေးထားတဲ့ အတွေးကတော့ မိုက်တယ်ဗျာ။

အယ်ကို said...

အမှတ်တမဲ့ ဖြစ်နေတဲ့ အမှတ်အရသင့်ဆုံးအရာကို အစဖော်ပေးတဲ့အတွက် ဝမ်းသာလိုက်တာ...
သာဓုသာဓုသာဓု နတ်သမီးရေ..
......
အကြင်နာအပြည့်အဝ...
ရင်မှာလေလွမ်းလှ...
အို.. အမေရေ တမ်းတမိပြီ...
.....
....

အမေကိုသတိရလို့ ငိုမိသွားတယ် နတ်သမီး :'(

Anonymous said...

Congratulate the women day for all over the world!!

ကိုဇော် said...

“ ( မေမေနှင့် ကျမပုံ ထည့်ချင်သော်လည်း အဆင်သင့်မရှိသည့်အတွက် ကျမနှင့် နောင် ကျမမွေးလာမည့် ကျမ၏ စိတ်ကူးထဲက ရင်သွေးလေးရဲ့ပုံကို တင်ပြလိုက်ရပါသည်) ”

ဖြစ်မှ ဖြစ်ရလေ ညီမရယ်..။

ပျော်ရွှင်ပါစေ
ကိုဇော်

Angel Shaper said...

ဟိဟိ... မရေ...
အမှတ်တရနေ့တစ်ခုအတွက် တကယ့်အမှတ်တရ ပိုစ့်လေးနဲ့ ပုံလေးပဲနော်။ ခစ်ခစ်
အသည်းယားလိုက်တာနော်။

မိုးစက်အိမ် said...

အမေနဲ့ သမီးကလည်း ရုပ်ကတူတူဘဲရယ် :P
တာမီးပေါက်စလေးကအဘွားကြီးအိုပေါက်စလေး
ကျနေတာဘဲ ဟီးးးးးးးးးးးးးးးး

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .